ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ

(မှုခင်း) အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် ဦးဝင်းမောင် နေအိမ်၌ ရှိနေစဉ် အမည်မသိ သေနတ်သမားများက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှု မှန်ကန်ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားချိန်တွင် ပင်းတယမြို့၊ ရွှေဥမင်ဘုရားအနီး၌ ပြုလုပ်နေသည့် ညဈေးပွဲတော်တွင် သေနတ်သံများကြားရပြီး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် ပွဲတော်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူက ငြင်းဆိုထားကြောင်း သိရသည်။

ပင်းတယမြို့နယ်အတွင်း ယခုနှစ် ဇွန် ၁၄ ရက် ညပိုင်းကလည်း ကူးကော်ကျေးရွာအုပ်စု၊ စံသီးကုန်းကျေးရွာ၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ဖူးကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN