(ပြည်တွင်း) အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စုပေါင်းရုံးတွင် ပျက်စီးနေသည့် ဖားကန့်လမ်း ပြုပြင်ရေးအတွက် အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် KNDPC ကုမ္ပဏီ တာဝန်ခံ ဦးဇော်အောင်နှင့် ဈေးရောင်းချနေသည့် အထမ်းသယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖားကန့်မြို့နယ် စုပေါင်းရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်စားလှယ်များ၊ ကုမ္ပဏီတာဝန်ခံများ၊ ဆီလုပ်ငန်းရှင်၊ ဆန်လုပ်ငန်းရှင်နှင့် အခြားလုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများ စုပေါင်း၍ ပျက်စီးနေသည့် ဖားကန့်လမ်း ပြုပြင်ရေးကိစ္စကို အစည်းအဝေးပြုလုပ်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးပြုလုပ်နေစဉ် KIA/PDF အဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်ဟု ဆိုထားသည့် FPV ဒရုန်း ပထမတစ်စင်းမှာ အစည်းအဝေးခန်းမအပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ခန်းမအပြင်တွင်ရှိနေသည့် KNDPC ကုမ္ပဏီ တာဝန်ခံ ဦးဇော်အောင် သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယ FPV ဒရုန်းတစ်စင်းမှာ စုပေါင်းရုံး၏ ဂုံးအောက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုနေရာတွင် ဈေးရောင်းနေသည့် အထမ်းသယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် “သဘောထားတွေ ဘယ်လိုပဲကွဲလွဲနေပါစေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ နေ့စဉ်ဘဝကို ဦးစားပေးကြဖို့ တောင်းဆိုပါတယ်။
အများအကျိုးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဘေးကင်းစွာ ဆောင်ရွက်ခွင့်ပေးကြပါ။ ကောင်းတာလုပ်ဖို့၊ အများအတွက် အဆင်ပြေအောင်လုပ်ဖို့ ကြိုးစားနေကြတာပါဗျာ” ဟု ရေးသားထားသည်။

Telegram – t.me/positiveanglenews
#PAN