ကျိုက္ကော်ဈေး အဆင့်မြှင့်တင်ရေး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည်

(လွှတ်တော်) အောက်တိုဘာ ၇

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ မြို့မဈေး (ကျိုက္ကော်ဈေး) ကို မြို့အင်္ဂါရပ်နှင့်ညီညွတ်သည့် ခေတ်မီဈေးအဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်နယ် (FPTP)-၁၊ သထုံ၊ ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လေးမိုးသူက သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ကျိုက္ကော်ဈေးအား အဆင့်မြှင့်တင်၍ မြို့အင်္ဂါရပ်နှင့်ညီညွတ်သည့် ဈေးအဖြစ် တည်ဆောက်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ပြန်လည်ဖြေကြားခဲ့သည်။

ဝန်ကြီး၏ ဖြေကြားချက်အရ သုဝဏ္ဏဝတီမြို့သည် ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးတွင် တည်ရှိပြီး သထုံမြို့နယ်အတွင်းရှိ ကျိုက္ကော်ကျေးရွာအုပ်စု၊ သိမ်ဆိပ်ကျေးရွာအုပ်စုနှင့် တောင်ကြားကျေးရွာအုပ်စုတို့ကို ရပ်ကွက် ၃ ရပ်ကွက်အဖြစ် ပြင်ဆင်ဖွဲ့စည်း၍ ၂၀၁၄ ခုနှစ် မတ် ၁၃ ရက်တွင် သုဝဏ္ဏဝတီမြို့အဖြစ် တိုးချဲ့ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

သုဝဏ္ဏဝတီမြို့သည် မြို့ကဲ့သို့ စည်ကားဖွံ့ဖြိုးလျက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး (ကျိုက္ကော်ဈေး) သည်လည်း ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးတွင် တည်ရှိကာ ဧရိယာ ၃.၈ ဧက ကျယ်ဝန်းကြောင်း သိရသည်။

အဆိုပါဈေးမြေသည် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြေအဖြစ် ၂၀၃၆ ခုနှစ် မတ် ၂၁ ရက်အထိ နှစ် ၃၀ ဂရန် ရရှိထားပြီး ဈေးရုံ ၂၄ ရုံ၊ LF 44 ဆိုင်ခန်း ၃၅၃ ခန်း၊ ဗျတ်ထိုးဈေးရုံ ၂၃ ရုံ၊ ဆိုင်ခန်း ၂၇၈ ခန်းနှင့် အခြားပျံကျဗျတ်ထိုးဆိုင်ခန်းများအပါအဝင် စုစုပေါင်း ဆိုင်ခန်း ၈၀၀ ခန့်ရှိကြောင်း သိရသည်။

သုဝဏ္ဏဝတီမြို့နှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာများမှလည်း လာရောက်ရောင်းဝယ်ဖောက်ကားမှု များပြားသဖြင့် ကျိုက္ကော်ဈေးသည် စည်ကားသည့်ဈေးကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျိုက္ကော်ဈေးသည် ၁၉၂၁ ခုနှစ် ကျေးလက်/ရပ်ကွက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးအက်ဥပဒေ ပုဒ်မ ၅၂(၁) အရ အများပြည်သူတို့၏ ဈေးအား ကြီးကြပ်အုပ်ချုပ်ရန် သထုံဒီစတြိတ်ကောင်စီလက်ထက်ကပင် စတင်တည်ရှိခဲ့သည်ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။

မိုးရာသီ ရေမြုပ်မှုနှင့် ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်လက်ရှိ ကျိုက္ကော်ဈေး၏ အရှေ့ဘက်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် ကျိုက္ကော်ချောင်း၊ တောင်ဘက်တွင် ဈေးတန်းလမ်း တည်ရှိကြောင်း သိရသည်။

ဈေး၏ အနောက်ဘက်နှင့် မြောက်ဘက်တွင် ကျိုက္ကော်ချောင်းရှိသည့်အတွက် မိုးရာသီကာလ ရေကြီးရေလျှံဖြစ်ပေါ်ချိန်တွင် ဈေးအတွင်းရှိ ဆိုင်ခန်းများ ရေနစ်မြုပ်ကာ ပစ္စည်းများဆုံးရှုံးမှု ဖြစ်ပေါ်ခြင်းများရှိကြောင်း သိရသည်။

ထို့အပြင် ဈေးရုံနှင့် ဈေးဆိုင်ခန်းများ၏ အကွက်ချထားမှု စနစ်ကျမှုမရှိခြင်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် တည်ရှိခြင်းကြောင့် ယာဉ်ကြောရှုပ်ထွေးမှုများ မကြာခဏဖြစ်ပေါ်ခြင်း၊ အများသုံးအိမ်သာများ အဆင့်မီသန့်ရှင်းမှု အားနည်းခြင်းနှင့် လျှပ်စစ်မီးလိုင်းများ စနစ်တကျ ပြုပြင်သွယ်တန်းရန် လိုအပ်ခြင်းတို့ကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

ထို့ပြင် ၁၉၂၁ ခုနှစ်တွင် စတင်တည်ရှိခဲ့သည့် ဈေးဖြစ်သဖြင့် လက်ရှိဈေးတည်ဆောက်ထားမှုမှာ စနစ်ကျမှုမရှိဘဲ ဆိုင်ခန်းအရွယ်အစားများလည်း ညီညာမှုမရှိကြောင်း တွေ့ရှိရသည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ကျိုက္ကော်ဈေးမှ တစ်နှစ် ကျပ် ၅၄.၉၅၉ သန်းခန့် ရရှိသုဝဏ္ဏဝတီမြို့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အခွန်နှင့် အခရရှိမည့် ဝင်ငွေကို စုစုပေါင်း ကျပ် ၄၂၆.၅၄၁ သန်းခန့် ခန့်မှန်းထားကြောင်း သိရသည်။

ယင်းဝင်ငွေများအနက် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကျိုက္ကော်ဈေးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဈေးဆိုင်ခန်းငှားရမ်းခနှင့် အခြားရငွေများ စုစုပေါင်း ကျပ် ၅၄.၉၅၉ သန်းခန့် ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

သုဝဏ္ဏဝတီမြို့၏ ရငွေသည် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရငွေစုစုပေါင်း၏ ၂၉.၃၄ ရာခိုင်နှုန်းခန့်ရှိပြီး ကျိုက္ကော်ဈေးအတွက် ဝန်ထမ်းလစာ၊ လုပ်အားခ၊ စက်သုံးဆီ၊ ဓာတ်အားခ စသည့် ကုန်ကျစရိတ်များမှာ တစ်နှစ်လျှင် ကျပ် ၇၃.၇၀ သန်းခန့်ရှိကြောင်း သိရသည်။

၅ နှစ်စီမံကိန်းတွင် မပါသေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည်ကျိုက္ကော်ဈေးအား အဆင့်မြှင့်တင်တည်ဆောက်နိုင်ပါက မြို့ဖွံ့ဖြိုးတိုးတက်ရေးအပြင် ရသင့်ရထိုက်သည့် အခွန်နှင့် အခများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဈေးသည် ကျိုက္ကော်ချောင်းနှင့် ကပ်လျက် မြေနိမ့်ပိုင်းတွင် တည်ရှိနေသဖြင့် ရေစီးရေလာကောင်းမွန်ရေး၊ မိုးရာသီတွင် ဆိုင်ခန်းများ ရေနစ်မြုပ်မှုမရှိရေး၊ ဈေးရှေ့နှင့် ပတ်ဝန်းကျင် ယာဉ်လမ်းကြောင်းများ ရှုပ်ထွေးမှုမရှိရေးနှင့် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးတို့အတွက် ရေရှည်မျှော်မှန်း၍ ပြန်လည်တည်ဆောက်သင့်ကြောင်း သုံးသပ်ထားသည်။

သို့သော် ကျိုက္ကော်ဈေးအား မြို့အင်္ဂါရပ်နှင့်ညီညွတ်သည့် ဈေးအဖြစ် တည်ဆောက်နိုင်ရေးကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်စီမံကိန်းတွင် လျာထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ခေတ်နှင့်အညီ သင့်တော်သည့် ပုံစံနှင့် အကျယ်အဝန်းရှိသော ဈေးဆိုင်ခန်းများဖြင့် စနစ်တကျ ပြန်လည်တည်ဆောက်မည်ဆိုပါက စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ဆက် ဆောင်ရွက်မှသာ ဈေးတည်ဆောက်ရေးလုပ်ငန်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့ပြပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေရပြီး ဈေးတည်ဆောက်ရေးလုပ်ငန်းကို ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိသဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ကျိုက္ကော်ဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေး မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) ဖိတ်ခေါ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

Telegram – t.me/positiveanglenews

#PAN