မွန်ပြည်နယ်အတွင်း အသားဈေးနှုန်း သတ်မှတ်ချက်နှင့်အညီ ရောင်းချရေး စည်ပင်က အပတ်စဉ်နှင့် ရှောင်တခင် စစ်ဆေးနေဟုဆို

(လွှတ်တော်) အောက်တိုဘာ ၇

မွန်ပြည်နယ်အတွင်း အများပြည်သူစားသုံးသည့် အသားများ၏ ဈေးနှုန်းနှင့် အရည်အသွေးကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက အပတ်စဉ်နှင့် ရှောင်တခင် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောကြားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်နယ် (PR)-၂၊ သံဖြူဇရပ်၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာစိုးမိုးအောင်က မွေးမြူရေးသမားများနှင့် စားသုံးသူပြည်သူများအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် စည်ပင်သာယာရေးအဖွဲ့၏ သားသတ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ပြန်လည်ဖြေကြားခဲ့သည်။

ဝန်ကြီး၏ ဖြေကြားချက်အရ သားသတ်လိုင်စင်များကို မြေပြင်အခြေအနေအရ ယခင်နှစ်များတွင် သက်တမ်းတိုးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး တင်ပြတောင်းဆိုချက်များအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လေလံစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ယင်းသို့ လေလံစနစ်ဖြင့် ရောင်းချရာတွင် ဈေးနှုန်းယှဉ်ပြိုင်ဆွဲဝယ်မှုများကြောင့် လေလံဈေးနှုန်းမြင့်မားလာခြင်းနှင့် သားသတ်လုပ်ငန်းများအတွက် ကုန်ကြမ်းရှားပါးလာခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် လေလံဈေးမြင့်တက်မှုကို သက်သာစေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စည်းကမ်းနှင့်အညီ လုပ်ကိုင်နိုင်သူများကို သက်တမ်းတိုးစနစ်ဖြင့် ဦးစားပေးလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်သက်တမ်းတိုးဆောင်ရွက်နိုင်ခြင်း မရှိသည့် အခွင့်အရေးလိုင်စင်များကိုသာ လေလံစနစ်ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သားသတ်လိုင်စင်အများစုကို သက်တမ်းတိုးစနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသားဈေးနှုန်း သတ်မှတ်ချက်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစ၍ အသားရောင်းဈေးနှုန်းသတ်မှတ်ရာတွင် ကုန်ကြမ်းဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ နှင့်အောက်ဖြစ်ပါက အခွန်၊ အလေအလွင့်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်အတွက် အများဆုံး ၃၅ ရာခိုင်နှုန်း ထပ်ပေါင်း၍ ရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။

ကုန်ကြမ်းဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ အထက်ဖြစ်ပါက အများဆုံး ၃၀ ရာခိုင်နှုန်း ထပ်ပေါင်း၍ ရောင်းချရန် သားသတ်လုပ်ငန်းစည်းကမ်းတွင် ထည့်သွင်းသတ်မှတ်ပေးထားပြီး မြို့နယ်အလိုက် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိ အသားဈေးနှုန်းများ မြင့်တက်နေခြင်းမှာ မွေးမြူရေးကုန်ကျစရိတ်နှင့် တိရစ္ဆာန်အစာဈေးနှုန်း မြင့်မားလာခြင်းကြောင့် ကုန်ကြမ်းဈေးနှုန်း မြင့်တက်နေခြင်းနှင့် ဆက်စပ်နေကြောင်း ဝန်ကြီးက ပြောကြားသည်။

သတ်မှတ်သားသတ်ရုံနှင့် နေရာများတွင်သာ သတ်ဖြတ်ရန် ကြပ်မတ်စည်ပင်သာယာရေးအဖွဲ့၏ သားသတ်လိုင်စင် ရရှိသူများအနေဖြင့် ခွင့်ပြုထားသည့် တိရစ္ဆာန်ကောင်ရေများကို အဖွဲ့က သတ်မှတ်ပေးထားသည့် သားသတ်ရုံများတွင် သတ်ဖြတ်ရမည်ဖြစ်သည်။

အဖွဲ့ပိုင်သားသတ်ရုံ မရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးက သဘောတူသည့်နေရာတွင် မိမိအစီအစဉ်ဖြင့် သားသတ်ရုံဆောက်လုပ်၍ သတ်ဖြတ်ရမည်ဖြစ်ကြောင်း သားသတ်ခွင့်လိုင်စင်စည်းကမ်းတွင် သတ်မှတ်ထားသည်။

အသားရောင်းချရာတွင်လည်း ခွင့်ပြုထားသည့်နေရာများနှင့် ဈေးများရှိ သတ်မှတ်ဆိုင်ခုံများအလိုက် ရောင်းချစေပြီး သတ်မှတ်နေရာတွင် သတ်ဖြတ်ခြင်းရှိ၊ မရှိနှင့် သားသတ်ရုံများ သန့်ရှင်းရေးနှင့် စနစ်တကျရှိ၊ မရှိကို အပတ်စဉ် ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အသားရောင်းချရမည့် ဈေးနှင့်နေရာများအလိုက် ရောင်းချခွင့်ပြုသည့် နယ်နိမိတ်များကိုလည်း သတ်မှတ်ပေးထားကြောင်း သိရသည်။

စားသုံးမည့် တိရစ္ဆာန်များ ကျန်းမာရေးစစ်ဆေးအများပြည်သူစားသုံးရန် သတ်ဖြတ်မည့် တိရစ္ဆာန်များကို လိုင်စင်စည်းကမ်းတွင် သတ်ဖြတ်ခွင့်ပြုထားသည့် ကောင်ရေအတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှ လိုင်စင် (စီ) များက စုဆောင်းဝယ်ယူကာ သားသတ်ရုံများနှင့် သားသတ်ရန် ခွင့်ပြုထားသည့်နေရာများတွင် သတ်ဖြတ်စေရေး စနစ်တကျ စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရသည်။

အများပြည်သူစားသုံးရန် လိုအပ်ချက်အပေါ်မူတည်၍ သတ်ဖြတ်မည့် တိရစ္ဆာန်အမျိုးအစားအလိုက် ခွင့်ပြုထားသည့် ကောင်ရေ၊ သတ်ဖြတ်ရမည့် အသက်အရွယ်နှင့် အခြားသတ်မှတ်ချက်များကိုလည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပေးလျက်ရှိပြီး စည်ပင်သာယာရေးအဖွဲ့များက လိုအပ်သည်များကို ဆက်လက်စစ်ဆေး၍ သတ်ဖြတ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

အသားသန့်ရှင်းမှုနှင့် အလေးချိန် စစ်ဆေးအများပြည်သူစားသုံးရန် ရောင်းချမည့် အသားများ၏ သန့်ရှင်းလတ်ဆတ်မှုရှိ၊ မရှိနှင့် အလေးချိန်မှန်ကန်မှုရှိ၊ မရှိတို့ကို စည်ပင်သာယာရေးအဖွဲ့က ပုံမှန်စစ်ဆေးခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် အသားရောင်းချရာတွင် အသားကုန်ကြမ်းဝယ်ယူသည့် ဈေးနှုန်းအပေါ် အသားရောင်းဈေးနှုန်းသည် လိုင်စင်စည်းကမ်းပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိကို အပတ်စဉ်နှင့် ရှောင်တခင် စစ်ဆေးလျက်ရှိသည်။

အသားအမျိုးအစားအလိုက် ဈေးနှုန်းများ ဖော်ပြစေရေးကိုလည်း မြို့နယ်အလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လက်ရှိကာလတွင် အသားကုန်ကြမ်းဈေးနှုန်းအပေါ် မူတည်၍ အသားရောင်းဈေးနှုန်းများ ပြောင်းလဲနေသဖြင့် ပုံသေဈေးနှုန်း ဖော်ပြထားခြင်းမရှိဘဲ ဈေးနှုန်းပြောင်းလဲမှုနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။

Telegram – t.me/positiveanglenews

#PAN