ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ၁၅ ဦး ပြန်လည်ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းထား

(လွှတ်တော်) အောက်တိုဘာ ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ၁၅ ဦး ပြန်လည်ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်နယ် (PR)-၂၊ ကျိုက်ထို၊ မွန်ညီညွတ်ရေးပါတီမှ ဦးမင်းအောင်ထူးက ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဝင်များကို ဖွဲ့စည်းပုံအင်အားပြည့် ဖြည့်စွက်ဖွဲ့စည်းရန် သို့မဟုတ် အသစ်ပြင်ဆင်ဖွဲ့စည်းရန် အစီအစဉ်ရှိ၊ မရှိကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းကိုယ်စား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြန်လည်ဖြေကြားခဲ့သည်။

ဝန်ကြီး၏ ဖြေကြားချက်အရ ကျိုက်ထိုမြို့နယ်အနေဖြင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဖွင့်ပွဲမတိုင်မီ ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့် ဂေါပကအဖွဲ့အသစ် ပြန်လည်စိစစ်ရွေးချယ်နိုင်ရေးအတွက် ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လျှောက်လွှာခေါ်ယူခြင်းနှင့် ကြော်ငြာခေါ်ယူခြင်းများ ပြုလုပ်နိုင်ရေးအတွက် ဂေါပကအဖွဲ့စည်းမျဉ်း အခန်း (၇) အရ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါကြီးကြပ်ရေးအဖွဲ့က အခန်း (၈) အရ လျှောက်လွှာခေါ်ယူခြင်း၊ လက်ခံခြင်းနှင့် ကြော်ငြာခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ၁၅ ဦးကို ပြန်လည်ရွေးချယ်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၄ ရက်စွဲပါစာဖြင့် ကြီးကြပ်ရေးအဖွဲ့ဝင် ၉ ဦးကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂေါပကစည်းမျဉ်း အခန်း (၇)၊ အပိုဒ် (၂၄) အရ ကြီးကြပ်ရေးအဖွဲ့အနေဖြင့် အဖွဲ့ဝင်များအနက်မှ သင့်တော်သူများကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် ဆန္ဒပြုရွေးချယ်ရန် တာဝန်ရှိသဖြင့် ကြီးကြပ်ရေးအဖွဲ့ဝင် ၉ ဦးအနက် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကို ဒုတိယဥက္ကဋ္ဌအဖြစ်၊ ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးကို အတွင်းရေးမှူးအဖြစ်နှင့် မွန်ပြည်နယ်သာသနာရေးမှူးကို တွဲဖက်အတွင်းရေးမှူးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ၁၅ ဦး ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဂေါပကစည်းမျဉ်း အခန်း (၄)၊ အပိုဒ် (၁၃)၊ (၁၈) နှင့် အခန်း (၁၀)၊ အပိုဒ် (၄၇) တို့အရ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့အနေဖြင့် ဂေါပကအဖွဲ့ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

Telegram – t.me/positiveanglenews

#PAN