တောင်ကြီးတွင် “ဂ”ကွေ့ ချိုးသည့်ကား ဆိုင်ကယ်အား ဝင်တိုက်၊ ကျောင်းသား ၂ ဦး ဒဏ်ရာရ

(မှုခင်း) အောက်တိုဘာ ၆

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီး-ကျောက်တလုံးကြီးလမ်း၊ အဝေရာမီးပုံးပျံကွင်းအနီးတွင် အောက်တိုဘာလ ၅ ရက် ညနေ ၅ နာရီအချိန်ခန့်က ကားတစ်စီး “ဂ”ကွေ့ ပြန်လည်ချိုးကွေ့စဉ် ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ပြီး Grade-10 ကျောင်းသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မျိုးဇော်မောင်းနှင်သည့် SUBARU SAMBAR အဖြူရောင်ကားသည် တောင်ကြီး-ကျောက်တလုံးကြီးလမ်းဘေးရှိ ဆေးဆိုင်ရှေ့တွင် ရပ်တန့်ထားရာမှ ပြန်လည်ထွက်ခွာပြီး “ဂ”ကွေ့ ချိုးကွေ့စဉ် Grade-10 ကျောင်းသား ၂ ဦး စီးနင်းလာသည့် Honda Wave 110 အနက်ရောင်ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ပြီး တိုက်မိမှုကြောင့် ဆိုင်ကယ်နှင့် လူများမှာ လမ်းမပေါ်ရပ်တန့်ထားသည့် HINO ၆ ဘီးယာဉ်အောက်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ မိုးယံတွင် ဝဲချိုစောင်းဖုရောင်၊ ယာလက်ခလယ် နာကျင်ဒဏ်ရာများရရှိပြီး အခြေအနေစိုးရိမ်ရကာ နောက်မှလိုက်ပါလာသူ ခန့်စည်သူတွင် ငယ်ထိပ်ပေါက်ပြဲနှင့် နှာခေါင်းပွန်းပဲ့သွေးထွက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း မျိုးဇော်အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN