(ပြည်တွင်း) အောက်တိုဘာ ၅
မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများမှ စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို စစ်ရေယာဉ် မုတ္တမ၊ ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်နှင့် စစ်ရေယာဉ် ဆင်ဖြူရှင်တို့ဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရေယာဉ်များသည် စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၈ ရက်တွင် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် မြန်မာနိုင်ငံသားများနှင့်အတူ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ပြန်လည်ခေါ်ဆောင်လာသူများအနက် အမျိုးသား ၁,၃၉၀ ဦးနှင့် အမျိုးသမီး ၈၆ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်အထိ မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၈,၀၄၁ ဦးကိုလည်း လေယာဉ်များဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား ၁,၉၀၅ ဦးနှင့် အိန္ဒိယနိုင်ငံ ပို့ဘလဲတွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာရေလုပ်သား ၂၆ ဦးကိုလည်း ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအနေဖြင့် လူပွဲစားများ၏ မဟုတ်မမှန်ဆွဲဆောင်မှုများကို သတိပြုရန်နှင့် တရားမဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပထွက်ခွာခြင်းကို ရှောင်ကြဉ်ရန် တာဝန်ရှိသူများက အသိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN