(မှုခင်း) အောက်တိုဘာ ၅
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၃) ရှိ နေအိမ်တစ်လုံးတွင် Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နံနက် ၄ နာရီခွဲအချိန်ခန့်တွင် ကျောင်းကြီးစုရပ်ကွက်ရှိ နေအိမ်၌ Power Bank အားသွင်းထားရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း သွပ်မိုး၊ ပျဉ်ခင်း၊ နံကပ် ၂ ထပ်လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၂၀ ခန့်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲခဲ့သည်ဟုဆိုကာ အိမ်ရှင်အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN