ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Toyota Belta ဘီးပေါက်၍ လမ်းလယ်ကျွန်းရေမြောင်းထဲ ထိုးကျ

(မှုခင်း) အောက်တိုဘာ ၅

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၄၉/၄ နှင့် ၄၉/၅ အကြားတွင် Toyota Belta ယာဉ်တစ်စီး ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သဖြင့် လမ်းလယ်ကျွန်းရေမြောင်းအတွင်း ထိုးကျသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နေ့လယ် ၃ နာရီခွဲအချိန်ခန့်က နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Toyota Belta ယာဉ်သည် အဆိုပါနေရာအရောက် ရှေ့ယာဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရေမြောင်းအတွင်း ထိုးကျခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦး လိုက်ပါလာခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ လူအားလုံးထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းအောက်၌သာမောင်းနှင်ကြပါရန် သတိပေးအပ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN