(စီးပွားရေး) အောက်တိုဘာ ၄
MSMEs နှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် စစ်တမ်းများကောက်ယူ၍ စီမံချက်ချမှတ်ကာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ဆွေးနွေးမှာကြားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်ခွဲခန်း အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လျှပ်စစ်ဓာတ်အားများကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး၊ အရည်အသွေးမြင့် လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရေးနှင့် စက်ရုံတွင်း၊ အိမ်တွင်း လျှပ်စစ်သုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေးတို့အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးကြပ်မတ်ရန် မှာကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျနှင့် လျှပ်စစ်စစ်ဆေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်တို့က လျှပ်စစ်ဓာတ်ခွဲခန်း၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်ခွဲခန်းတွင် ပြည်တွင်းထုတ် လျှပ်စစ်ပစ္စည်းများနှင့် ပြည်ပမှတင်သွင်းသည့် လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးများကို စမ်းသပ်စစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ MSMEs ထုတ်ကုန်အရောင်းပြခန်းတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် MSMEs ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှု၊ E-Market Platform ဖြင့် ချိတ်ဆက်ရောင်းချနေမှု အခြေအနေများနှင့် MSMEs One Stop Service Center၊ Incubation Center တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် – www.positiveanglenews.com
Telegram – t.me/positiveanglenews
#PAN