ပြည်သူ့အသံကို လွှတ်တော်တွင် အချိန်နှင့်တပြေးညီ ဖော်ဆောင်ပေးရန် ဦးခင်ရီ တိုက်တွန်း

(လွှတ်တော်) အောက်တိုဘာ ၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union – MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး နဝရတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက MPU ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော်အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကဏ္ဍအသီးသီးကို သီးခြားစီ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လွှတ်တော်များဖြစ်ကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီအတွေ့အကြုံမှာ သက်တမ်းနုနယ်သေးသည့်အတွက် လွှတ်တော်လုပ်ငန်းစဉ်များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

လွှတ်တော်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဥပဒေပြုရေးမဏ္ဍိုင် စနစ်တကျ ခိုင်မာအားကောင်းလာစေရန်နှင့် လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ MPU ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက တိုက်တွန်းသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်းနှင့် ငါးနှစ်စီမံချက် ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ယင်းစီမံချက်ပါ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့လည်း မျှဝေပေးလိုကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းထားရှိပြီးဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော်ကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး အမြဲလေ့လာနေကြောင်းလည်း ဦးခင်ရီက ပြောသည်။ MPU ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ၂၀၂၆ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဒုတိယဥက္ကဋ္ဌဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတော်အကျိုးအတွက် တက်ကြွစွာ ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ လွဲမှားမှုမရှိစေရန်လည်း ၎င်းက မှာကြားသည်။

လွှတ်တော်သည် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်ပြီး ဥပဒေပြုရေးလုပ်ငန်းသည် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ MPU ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို လေ့လာသုံးသပ်၍ ခေတ်နှင့်လျော်ညီသည့် ဥပဒေများ ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်းနှင့် ပြည်သူများ ယုံကြည်အားကိုးရသည့် လွှတ်တော်တစ်ရပ်ဖြစ်အောင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကို ဖော်ဆောင်သည့်အနေဖြင့် လွှတ်တော်သို့ မေးခွန်းများ၊ အဆိုများ တင်သွင်းရာတွင် စာအရေးအသား၊ စကားရပ်အသုံးအနှုန်းများကို နိုင်ငံတော်က တရားဝင်ဖော်ပြထားသည့် အသုံးအနှုန်းများဖြင့်သာ သတိပြုရေးသား၊ ပြောဆိုဆွေးနွေးကြရန်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ MPU ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက မှာကြားသည်။

ထို့ပြင် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့မဲဆန္ဒနယ်၏ အခြေအနေနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒ၊ လိုအပ်ချက်များကို အသေးစိတ်သိရှိရန် လိုအပ်ကြောင်း၊ ထိုသို့ သိရှိမှသာ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင် အချိန်နှင့်တပြေးညီ တင်ပြနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လိုအပ်ချက်များကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။

“ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က လွှတ်ဆောင်ရွက်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လွှတ်တော်က ဆောင်ရွက်နေသည့် လုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆိုရှယ်မီဒီယာနှင့် သတင်းမီဒီယာကဏ္ဍများမှတစ်ဆင့် ပြည်သူများ သိရှိလာစေရန် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းသည်။

ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးအချက်အချာကျသည့် တိုင်းဒေသကြီးဖြစ်သည့်အလျောက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ စိတ်ချမ်းသာစွာ သွားလာနိုင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကို နားစွင့်၍ ဆောင်ရွက်ပေးကြရန်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ MPU ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။