(မှုခင်း) အောက်တိုဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒိုင်နာယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက် ည ၈ နာရီအချိန်ခန့်က အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ စံပြစက်သုံးဆီဆိုင်ရှေ့တွင် ရွှေညောင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ယာဉ်မောင်း စိန်လွင် မောင်းနှင်လာသည့် အပြာရောင်ဒိုင်နာယာဉ်သည် လမ်းကြောမရှင်းဘဲ ပြည်ထောင်စုလမ်းမကြီး၏ ဝဲဘက်ရှိ လမ်းသွယ်အတွင်းသို့ ချိုးကွေ့မောင်းနှင်စဉ် မျက်နှာချင်းဆိုင်မှ လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတွင် ဝဲ/ယာနားသွေးထွက်ခြင်း၊ နှာခေါင်းသွေးထွက်ခြင်း၊ ယာပုခုံးပွန်းခြင်းနှင့် ဇက်ကျိုးဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သဖြင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့သည်ဟုဆိုသည့် ဒိုင်နာယာဉ်မောင်း စိန်လွင်အား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံမီးပွိုင့်၌လည်း အောက်တိုဘာ ၃ ရက် ည ၁၀ နာရီအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN