မြောက်ဥက္ကလာတွင် အငှားယာဉ် အရှိန်မထိန်းနိုင်ဘဲ လူ ၅ ဦးကို ဝင်တိုက်၊ ထိခိုက်ဒဏ်ရာရ

(မှုခင်း) အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက အငှားမော်တော်ယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ လူ ၅ ဦးနှင့် ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးကို ဝင်တိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ဌ-ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းအရ အမှတ် (၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မှော်ဘီမြို့နယ် ကြက်ဖြူကန်ကျေးရွာနေ ဦးဇာနည်ထွန်း၊ အသက် ၃၇ နှစ် မောင်းနှင်လာသည့် YGN-9 CC/XXXX TOYOTA CALDINA အငှားမော်တော်ယာဉ်သည် သုဓမ္မာလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး၌ ရှိနေသည့် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်ရပ်ကွက်နေ မောင်စိုင်းမိုးသောက်၊ အသက် ၁၇ နှစ်ပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါအငှားယာဉ်သည် လမ်းဘေးတွင် ရပ်တန့်ထားသည့် YGN-31 2H/XXXX NISSAN VANETTE မော်တော်ယာဉ်ကိုလည်း ထပ်မံဝင်တိုက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် မောင်စိုင်းမိုးသောက်ပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးဇာနည်ထွန်းအား ဝေဘာဂီနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၃/၂၀၂၆ ဖြင့် အမှုဖွင့်ကာ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။