ကျိုက်ထို ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ Drop Bomb ဖြင့် တိုက်ခိုက်ခံရပြီး ဓာတ်အားပြတ်တောက်

(ပြည်တွင်း) အောက်တိုဘာ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံကို စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်တွင် Drop Bomb ၂ လုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၃၀ ရက် ည ၁၂ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံရှိ Control Room ပေါ်သို့ Drop Bomb ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် Control Room နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကြက်နှင့် ပြတင်းတံခါးမှန်များ ပျက်စီးခဲ့သည်။

ထို့အပြင် ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ Control Panel များ ဗုံးစထိမှန်ခဲ့ပြီး Control Cable များ ပျက်စီးကာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဆောင်နိုင်ကြီးခွဲရုံမှ ဓာတ်အားရရှိသည့် ကင်မွန်းစခန်းဓာတ်အားခွဲရုံကို ၃၃ ကေဗွီ ကျိုက်ထိုဓာတ်အားလိုင်းဖြင့် ပြောင်းလဲချိတ်ဆက်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလောကျေးရွာများတွင် ဓာတ်အားပြတ်တောက်နေဆဲဖြစ်ပြီး လျှပ်စစ်ဝန်ထမ်းများက အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။