သမ္မတ ဦးမင်းအောင်လှိုင် အောက်တိုဘာတွင် မလေးရှားသို့ သွားရောက်မည်ဟု Bernama ဖော်ပြ

(နိုင်ငံတကာ) အောက်တိုဘာ ၁

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကိစ္စအပါအဝင် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေချိန်တွင် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံသို့ သွားရောက်မည်ဟု မလေးရှားအစိုးရပိုင် သတင်းဌာန Bernama က စက်တင်ဘာ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။

မလေးရှားဆက်သွယ်ရေးဝန်ကြီးနှင့် MADANI အစိုးရပြောရေးဆိုခွင့်ရှိသူ ဖာမီဖာဒဇီလ်က မြန်မာသမ္မတသည် အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားခေါင်းဆောင်များထဲတွင် ပါဝင်ပြီး ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ဆွေးနွေးမည်ဟု ပြောကြားခဲ့ကြောင်း Bernama က ဖော်ပြသည်။

ခရီးစဉ်အသေးစိတ်ကို ဝန်ကြီးချုပ်ရုံး သို့မဟုတ် Wisma Putra က ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း ဖာမီက ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်နှင့် နီးကပ်စွာပင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်နေသည်။စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမအဆင့်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့ပြီး မြန်မာ့တပ်မတော် (ရေ) ပိုင် စစ်ရေယာဉ်နှစ်စင်းနှင့် ဆေးရုံရေယာဉ်တစ်စင်းအပါအဝင် သင်္ဘောသုံးစင်း အသုံးပြုခဲ့သည်။

ပြန်လည်ပို့ဆောင်ခံရသူများတွင် အမျိုးသား ၁,၃၇၀ ဦး၊ အမျိုးသမီး ၇၉ ဦး၊ ယောက်ျားလေး ၂၀ ဦးနှင့် မိန်းကလေး ၇ ဦး ပါဝင်ပြီး အသက် ၈ နှစ်မှ ၆၀ နှစ်အထိ ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားထားသည်။

ထို့နောက် မလေးရှားအစိုးရက မြန်မာနိုင်ငံသား နောက်ထပ် ၃,၅၂၄ ဦးကို ဒုတိယအဆင့်အဖြစ် မိမိတို့ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရန် အတည်ပြုထားကြောင်း ဖာမီဖာဒဇီလ်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ဒုတိယအဆင့် ပြန်လည်ပို့ဆောင်မည့်ရက်ကို မြန်မာနိုင်ငံဘက်မှ အကြောင်းကြားချက်ရရှိရန် စောင့်ဆိုင်းနေပြီး မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းသွားမည်ဟု ဆိုသည်။

ဒုတိယအဆင့်အတွက် သတ်မှတ်ထားသူများ၏ အမည်စာရင်းကို မြန်မာအာဏာပိုင်များက ၂၀၂၆ ခုနှစ် ဩဂုတ် ၁၃ ရက် ရက်စွဲပါ သံတမန်ရေးမှတ်စာဖြင့် မလေးရှားနိုင်ငံထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖာမီက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် မြန်မာနိုင်ငံသား ဒုက္ခသည်များနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံနှင့် မကြာမီ ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိရေးကို အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်း ဖာမီက ပြောကြားသည်။

တစ်ချိန်တည်းတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံသားများကို လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်မှု မလုံလောက်ဘဲ ပြန်လည်ပို့ဆောင်နေသည်ဟူသော ဝေဖန်ချက်များကို ပယ်ချခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အန်ဝါက မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးသည် လူများကို ပြန်ပို့ရုံသက်သက်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ထို့အပြင် ပြန်လည်ပို့ဆောင်မည့်သူများအတွက် လုံခြုံရေး၊ ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်သည့် အထောက်အကူပြု အဆောက်အအုံများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားထားသည်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံသား ၅,၀၀၀ ဦးကို မိခင်နိုင်ငံသို့ မိမိတို့ဆန္ဒအလျောက် အဆင့်လိုက် ပြန်လည်ပို့ဆောင်ရန် နှစ်နိုင်ငံအကြား သဘောတူထားပြီး ပထမအဆင့်အဖြစ် ၁,၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးမင်းအောင်လှိုင်၏ မလေးရှားခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချိန်ဇယားကို မလေးရှားဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးချုပ်ရုံး သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာန (Wisma Putra) က ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း Bernama က ဖော်ပြထားသည်။

Telegram – t.me/positiveanglenews

#PAN