

(မှုခင်း) အောက်တိုဘာ ၁
အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ တရားခံပြေး သင်းသင်းနွယ်နှင့်အတူ တရားမဝင်အလှကုန် ပစ္စည်းများနှင့် ကျောက်မျက်ရတနာပစ္စည်းများရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးရမိကြောင်း သိရသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုများဖြစ်ပေါ်စေရန် လူမှုကွန်ရက်မှတစ်ဆင့် Post တင်ရေးသားခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံပြေး သင်းသင်းနွယ်သည် လူမှုကွန်ရက်အသုံးပြု၍ ရွှေနဒီ & Inca Pure အမှတ်တံဆိပ် အလှကုန်ပစ္စည်းများနှင့် Shwe Nadi Jewelry အမှတ်တံဆိပ် ကျောက်မျက်ရတနာများရောင်းချ၍ NUG အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များအား အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် ထိုသို့ တရားမဝင်ကုန်ပစ္စည်းများရောင်းချနိုင်ရန် ပြည်တွင်း၌ နေထိုင်သူအချို့မှ ဝယ်ယူရောင်းချခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ သိရသည်။



အဆိုပါတရားခံပြေး သင်းသင်းနွယ်၏ တရားမဝင်အလှကုန်ပစ္စည်းများနှင့် တရားမဝင် ရတနာပစ္စည်းများရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် တရားမဝင် အလှကုန်ပစ္စည်းများ ရောင်းချနိုင်ရန် ကူညီဆောင်ရွက်ပေးသူ လင်းမင်းအောင်အား ပြည်မြို့ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် တရားမဝင် ကျောက်မျက်ရတနာများရောင်းချနိုင်ရန် ကူညီဆောင်ရွက်ပေးသူ နေလင်းဦးနှင့် တရားခံပြေး သင်းသင်းနွယ်၏ညီမဖြစ်သူ ဆိုဖီသင်းတို့ နှစ်ဦးအား သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်းတို့၏နေအိမ်၌လည်းကောင်း၊ တရားမဝင် ငွေကြေးလွှဲပြောင်းရာတွင် ကူညီဆောင်ရွက်ပေးသူ အိအိသူအား ဒေါပုံမြို့နယ်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း စုစုပေါင်းတရားခံ လေးဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်များအရ လင်းမင်းအောင်၊ နေလင်းဦးနှင့် ဆိုဖီသင်းတို့သည် ရွှေနဒီ & Inca Pure အလှကုန်နှင့် တရားမဝင် ကျောက်မျက်ရတနာ ရောင်းချခြင်းလုပ်ငန်းအား တရားခံပြေး သင်းသင်းနွယ်နှင့်အကျိုးတူ ပူးပေါင်း၍ လူမှုကွန်ရက်မှတစ်ဆင့် လုပ်ကိုင်လျက်ရှိကြောင်း၊ ထို့ပြင် အိအိသူသည် အဆိုပါကျောက်မျက်ရတနာ ရောင်းချခြင်းလုပ်ငန်းတွင် ၎င်း၏အမည်ဖြင့် ဖွင့်လှစ်ထားသည့် Mobile Payments အကောင့်များဖြင့် အခကြေးငွေရယူ၍ ငွေလွှဲလက်ခံရယူခြင်းနှင့် အခြားအကောင့်များသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ ပြုလုပ်နိုင်ရန် ကြားခံအဖြစ် တရားခံပြေး သင်းသင်းနွယ်အား ကူညီဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ၎င်းတို့လေးဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။