(မှုခင်း) စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း အယောင်ဆောင်ပြောဆိုကာ အမျိုးသားတစ်ဦးကို ရိုက်နှက်ခြိမ်းခြောက်ပြီး ဆိုင်ကယ်လုယူခဲ့သည်ဟု စွပ်စွဲခံထားရသူ အမျိုးသားသုံးဦးကို စက်တင်ဘာ ၂၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက်က တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ 29 Hotel တွင် အမျိုးသားတစ်ဦး အနားယူနေစဉ် အမျိုးသားသုံးဦး ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောဆိုကာ ရိုက်နှက်ခြိမ်းခြောက်၍ ၎င်းပိုင်ဆိုင်သည့် ထိုင်းနိုင်ငံထုတ် Wave 110 ဆိုင်ကယ်တစ်စီးကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သတင်းအချက်အလက်များရရှိပြီးနောက် သတင်းပေးအဖွဲ့များနှင့် ချိတ်ဆက်ကာ တာချီလိတ်မြို့ပေါ်တွင် စုံစမ်းရှာဖွေခဲ့ရာ ပြည့်ဖုန်းလှိုင် (ခ) ဂတ်စ်အိုး၊ ဖြိုးမြတ်အောင် (ခ) ဘတ်ဟိုးနှင့် မောင်ကိုကို (ခ) တရုတ် (ခ) အားတီတို့ သုံးဦးကို သီးခြားနေရာများတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးရာတွင် ဖြစ်စဉ်ကို ဝန်ခံခဲ့ပြီး လုယူသွားသည်ဟုဆိုသည့် Wave 110 ဆိုင်ကယ်ကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါဆိုင်ကယ်မှာ SHN-xxxxx နံပါတ်တပ်ဆင်ထားပြီး ကာလတန်ဖိုး ကျပ် ၁၅ သိန်းခန့်ရှိကြောင်း သိရသည်။ ထိုအမျိုးသားသုံးဦးသည် ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း အယောင်ဆောင်ပြောဆိုကာ အဆိုပါအမျိုးသားအား လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ ငွေပေးရန်နှင့် ရဲစခန်းသို့ လိုက်ရှင်းရန် ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စစ်ဆေးချက်များအရ သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ သုံးဦးကို ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးနေကြောင်း ကနဦးသတင်းများအရ သိရသည်။

Telegram – t.me/positiveanglenews
#PAN