
(ပြည်တွင်း) စက်တင်ဘာ ၂၈
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ဇီဝအချက်အလက် (Biometric Data) များကို စနစ်တကျ ကောက်ယူ၍ နိုင်ငံသားစိစစ်ရေး စမတ်ကတ် (Smart Card UID) ထုတ်ပေးနိုင်ရေးအတွက် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံး၌ မြန်မာနိုင်ငံသားများအား UID စမတ်ကတ် ထုတ်ပေးခြင်းကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ရာ ပတ်စပို့ (Passport) စာအုပ် လဲလှယ်သူ ၂၇ ဦးအား UID စမတ်ကတ် ပြုလုပ်ပေးနိုင်ခဲ့သည်။ အဆိုပါ စမတ်ကတ် ပြုလုပ်ရာတွင် လက်ဗွေ၊ မျက်လုံး Scan နှင့် လက်မှတ် စသည့် ဇီဝအချက်အလက်များကို ရယူဆောင်ရွက်ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ စမတ်ကတ် ထုတ်ပေးမှု အောင်မြင်ပါက မြန်မာရွှေ့ပြောင်းလုပ်သား များပြားစွာ လာရောက်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တိုးချဲ့ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ UID စမတ်ကတ်သည် နောင်တွင် ပတ်စပို့ သက်တမ်းတိုးခြင်းနှင့် ဗီဇာအမျိုးအစား ပြောင်းလဲခြင်း အပါအဝင် သံရုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ မရှိမဖြစ် လိုအပ်မည်ဖြစ်ပြီး ပြည်ပရောက် နိုင်ငံ့ဝန်ထမ်းများနှင့် လုပ်သားများ၏ အချက်အလက်များကို စနစ်တကျ စာရင်းရေးသွန်း ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။