(ပြည်တွင်း)စက်တင်ဘာ ၂၇
ရွှေလင်းယုန်ယာဥ်လိုင်း မှ ယာဉ်မောင်းသည် အမြန်လမ်းပေါ်တွင် ယာဉ်မောင်းနှင်နေစဉ်အတွင်း TikTokဆော့သဖြင့် အရေးယူမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
Telematics စနစ်တပ်ဆင်၍ ရန်ကုန်-မန္တလေး အမြန်လမ်းကိုဖြတ်သန်းအသုံးပြုကာ ရန်ကုန်-မော်လမြိုင် ခရီးစဥ်ပြေးဆွဲလျက်ရှိသော ရွေလင်းယုန်ယာဥ်လိုင်း အဖွဲ့ဝင် ခရီးသည်တင် Express ယာဉ် အမှတ် 2G-5403 YUTONG ၏ ယာဉ်မောင်းသည် အမြန်လမ်းပေါ်တွင် ယာဉ်မောင်းနှင်နေစဉ်အတွင်း Tik Tok ဆိုရှယ်မီဒီယာသုံး၍ တေးသရုပ်ဖော်ဗွီဒီယိုရိုက်ကူးliveလွှင့်ခြင်း/ပို့စ်တင်ခြင်း များအကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
ထိုယာဥ်မောင်းတင်ဆက်သော TikTok ဗွီဒီယိုများ၏ comment box တွင် Tik Tok သုံးစွဲသည့်အများပြည်သူတို့ကကားမောင်းစဥ် Tik Tok ရိုက်ကူးခြင်းသည် ခရီးသည်များ၏ အသက်အန္တရာယ်ဖြစ်စေနိုင်သော အလွန်ဆင်ခြင်မှုကင်းမဲ့သည့် အပြုအမူဖြစ်၍ ထိုသို့မပြုလုပ်သင့်ကြောင်း Comments (မှတ်ချက်)များ ရေးသားခဲ့ရာ ပို့စ်ပိုင်ရှင် ယာဉ်မောင်းမှ လက်မခံဘဲအလွန်ရိုင်းပြစွာ တုန့်ပြန်ရေးသားခဲ့ကြောင်း သိရသည်။
ဤကဲ့သို့ ပြုမှုဆောင်ရွက်မှုများသည် အမြန်လမ်းမကြီးသုံးစွဲသော ခရီးသွားပြည်သူအားလုံးအတွက် အလွန်အန္တရာယ်ကြီးသောကိစ္စဖြစ်ပါ၍ 2G-5403 ယာဉ်အား Telematic ကဒ် ဖြုတ်သိမ်းပြီး အမြန်လမ်းအသုံးပြုခွင့် ပိတ်သိမ်းခြင်း၊ ရွှေလင်းယုန်ယာဥ်လိုင်းအားယခုကဲ့သို့ဖြစ်စဥ်များထပ်မံဖြစ်ပွားပါက ယာဥ်လိုင်းတစ်ခုလုံး အမြန်လမ်းသုံးစွဲခွင့်ပိတ်သိမ်းအရေးယူမည့်အကြောင်း ပြင်းထန်စွာသတိပေးခြင်း၊ စည်းကမ်းမလိုက်နာသူယာဥ်မောင်းအားတရားဥပဒေအရဆက်လက်အရေးယူရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့တိုင်ကြားခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN