
(မှုခင်း) စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ တရားမဝင် လိုင်စင်မဲ့ ကုန်တင်ယာဉ် ၄ စီးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၅ ရက်၊ ညပိုင်းအချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဟွေရဲမြို့ပတ်လမ်း၊ ဟွေရဲဂိတ်အနီး၌ တာချီလိတ်မြို့မှ မိုင်းဆတ်မြို့ဘက်သို့ ထွက်ခွာရန် ပြင်ဆင်နေသည့် ပြည်မြို့နယ်၊ ပေါက်ခေါင်းကျေးရွာနေ ဦးသက်လွင်ဦး မောင်းနှင်ပြီး တောင်ကြီးမြို့နယ်၊ သံတဲရွာနေ ဦးကိုကိုမြင့် လိုက်ပါလာသည့် (၁၂)ဘီး ကုန်တင်ယာဉ် နှင့် တပ်ကုန်းမြို့နေ ဦးထွန်းထွန်းနိုင် မောင်းနှင်သည့် (၆)ဘီး ကုန်တင်ယာဉ်တို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်ကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားအတူ မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသော တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်ကွက်သစ်နေ ဦးရဲကျော်ထူး မောင်းနှင်ပြီး ဦးရန်မျိုးနိုင် လိုက်ပါလာသည့် ကုန်တင်ယာဉ်နှင့် ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်ကွက်သစ်နေ ဦးဟန်လင်းနိုင် မောင်းနှင်ပြီး ဦးမင်းကိုကိုအောင် လိုက်ပါလာသည့် ကုန်တင်ယာဉ်များကို ဆက်လက် စစ်ဆေးရာ ရာဘာများကို တဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဆက်လက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လိုင်စင်မဲ့ကုန်ပစ္စည်းများအား သယ်ဆောင်လာသူများအား အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။