(မှုခင်း) စက်တင်ဘာ ၂၅
မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်းအသုံးပြု၍ နိုင်ငံဖြတ်ကျော် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁ ဦးအား ဗီယက်နမ်နိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၆-၇-၂၀၂၆ ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီး၌ တရားခံ ၂ ဦးနှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဒလမြို့၊ ရန်ကုန်မြစ်ကမ်းဘေးရှိ မိဘမေတ္တာစက်လှေပေါ်မှ တရားခံ ၁၀ ဦးနှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၃၁၀ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၂၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၁၀ ကီလိုအား ပင်လယ်ရေကြောင်းအသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အိုက်စ်(မက်သ်အဖက်တမင်း)များအား ပင်လယ်ရေကြောင်းအသုံးပြု၍ နိုင်ငံဖြတ်ကျော် မူးယစ်မှုခင်းကျူးလွန်သူ အဓိကတရားခံမှာ မှော်ဘီမြို့နယ်၊ ညောင်ပင်သာရွာနေ ဝီလျံထွန်းကုမ္ပဏီပိုင်ရှင် ဝေထွန်း(၄၈)နှစ်ဖြစ်ပြီး ၎င်းမှာ ၂၅-၆-၂၀၂၆ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မလေးရှားနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့သို့ သတင်းဖလှယ်ခဲ့ရာ ၎င်းအား မလေးရှားနိုင်ငံမှ စောင့်ကြည့်နေစဉ် ၈-၇-၂၀၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ Ferry Port ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်းသိရှိရသဖြင့် စင်္ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တို့သို့ ဆက်လက်သတင်းဖလှယ်ခဲ့ပါသည်။
ထိုသို့သတင်းဖလှယ်ချက်အရ ၉-၈-၂၀၂၆ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရှိရသဖြင့် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်သတင်းဖလှယ်ခဲ့ရာ ၁-၉-၂၀၂၆ ရက်နေ့တွင် မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ဝေထွန်း အား ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ၂၄-၉-၂၀၂၆ ရက်နေ့ ဗီယက်နမ်နိုင်ငံ ဒေသစံတော်ချိန် ည ၁၀ နာရီအချိန် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ဒုတိယအတွင်းရေးမှူးချုပ် Pol. Sr. Col. Hoang Tam Hieu ဦးဆောင်သည့်အဖွဲ့မှ ဗီယက်နမ်နိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်လင်း ဦးဆောင်သည့်အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်ချမှတ်ပြီး ဦးစားပေးလုပ်ငန်းအဖြစ်ဆောင်ရွက်လျက်ရှိရာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ နောက်ကွယ်မှ ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် ဆက်စပ်တရားခံပြေးများအား နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
ယခုကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်တွင် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် အလိုရှိတရားခံပြေး ဝေထွန်း အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံ အနေဖြင့်လည်း ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့်အလိုရှိတရားခံပြေး ၁၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးတို့အား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသည့်အပြင် နိုင်ငံဖြတ်ကျော် မူးယစ်မှုခင်းများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းက မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN