မိမိရည်းစားကို Telegram ကတဆင့် နောက်ပြောင်ပြောဆိုခဲ့လို့ဆိုကာ ကျောင်းသား ၂ ဦး ဝိုင်းဝန်းရိုက်နှက်မှုနဲ့ မိန်းကလေး ၁ ဦးအပါအဝင် ၈ ဦးကို ဖမ်းဆီး

(မှုခင်း) စက်တင်ဘာ ၂၂

မိမိရည်းစားဖြစ်သူကို Telegram ကတဆင့် နောက်ပြောင်ပြောဆိုခဲ့တဲ့ ကျောင်းသားနှစ်ဦးကို ဖုန်းနဲ့ချိန်းဆိုကာ လူအင်အားအများပြားနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဟာ စက်တင်ဘာ ၁၇ ရက်နေ့က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့၊ ဗားကရားလမ်းက ညဈေးတန်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဝိုင်းဝန်းရိုက်နှက်ရာမှာ ပါဝင်ခဲ့တဲ့ ကာယကံရှင်း မိန်းကလေးငယ်နဲ့ ၎င်းရဲ့ ချစ်သူကောင်လေးအပါအဝင် အဖွဲ့ဝင် ၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရိုက်နှက်ခံရသူ ၂ ဦးမှာ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်သာလမ်းမှာရှိတံ Info Myanmar College (IMC) ကောက်လိပ်ကျောင်းက IT ပထမနှစ်ကျောင်းသားဖြစ်ကြတဲ့ မောင်အာကာကျော်နဲ့ မောင်ဇင်ဝင်းထွဋ် တို့ဖြစ်ကြပြီး ရိုက်နှက်ခဲ့တဲ့အဖွဲ့မှာတော့ အထက်တန်းကျောင်းသားတွေပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

IT ပထမနှစ်ကျောင်းသား ၂ ဦးဟာTelegram လူမှုကွန်ယက်ကနေတဆင့် ရွှေရည်ဝတီဆိုတဲ့ မိန်းကလေးတစ်ဦးကို စနောက်ခဲ့ကြပြီးနောက် မိန်းကလေးကလည်း ၎င်းရဲ့ချစ်သူကောင်လေးဖြစ်သူ သူရိန်ထွန်းကို ပြန်ပြောပြခဲ့ပါတယ်။

သူရိန်ထွန်းကလည်း မကျေနပ်တဲ့အတွက် သူ့ရဲ့အဖွဲ့ကို ခေါ်ဆောင်သွားခဲ့ပြီး စနောက်ခဲ့တဲ့ကျောင်းသား ၂ ဦးကို စမ်းချောင်း မုန့်ဈေးတန်းလမ်းကို ချိန်းခေါ်ကာ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးတာတွေ၊ ဦးခေါင်းကို ကျောက်ခဲနဲ့ ထုရိုက်တာတွေနဲ့ ဝိုင်းဝန်းထိုးကြိတ်တာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် IT ကျောင်းသားတစ်ဦးမှာ အဆုတ်ကို ဓားနဲ့ ၂ ချက် အထိုးခံခဲ့ရတာကြောင့် သတိလစ်မေ့မျောသွားခဲ့သလို ကျန်တစ်ဦးမှာတော့ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြတာဖြစ်ပြီး လမ်းဘေးပလက်ဖောင်းမှာ ဒဏ်ရာတွေနဲ့ အသီးသီးလဲကျနေကြတာလည်း ဖြစ်ပါတယ်။

ဒဏ်ရာတွေရရှိခဲ့တဲ့ မောင်အာကာကျော်နဲ့ မောင်ဇင်ဝင်းထွဋ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ဆုံးပို့ဆောင်ကာ ဆေးဝါးကုသစေခဲ့ပါတယ်

အဲဒီနောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မောင်ဇင်ဝင်းထွဋ်နဲ့ မောင်အာကာကျော်တို့ရဲ့ မိသားစုဝင်တွေက ရိုက်နှက်ခဲ့သူတွေကို စမ်းချောင်းမြို့နယ်ရဲစခန်းမှာ နောက်တစ်နေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ အမှုဖွင့်တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ရိုက်နှက်ခံရသူ ကာယကံရှင် ကျောင်းသားနှစ်ဦးကို မေးမြန်းချက်နဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ အနီးအနားမှာရှိတဲ့ CCTV ကဆင့် ရိုက်နှက်ခဲ့တဲ့ သူရိန်ထွန်းနဲ့ လူငယ်အုပ်စုကို ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၂၁ ရက်နေ့ မနေ့က ညနေပိုင်းက သူရိန်ထွန်းနဲ့ ၎င်းတို့ရဲ့ အုပ်စုကို နေအိမ်တွေကနေ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အသက် ၁၈ နှစ်အရွယ် ရွှေရည်ဝတီ (ခ) သဒ္ဒါနဲ့ ၎င်းရဲ့ချစ်သူဖြစ်သူ အသက် ၁၈ နှစ်အရွယ် ဟယ်ရီ (ခ) သူရိန်ထွန်း (၁၈ နှစ်)နဲ့ပါဝင်တဲ့ အသက် ၁၄ နှစ်အရွယ် အောင်မြတ်သူ၊ အသက် ၁၆ နှစ်အရွယ် ပြည့်စုံအောင်၊ အသက် ၁၇ နှစ်အရွယ် နိုင်မင်းခန့်၊ အသက် ၁၇ နှစ်အရွယ် မင်းထက်ကျော်၊ အသက် ၁၈ နှစ်အရွယ် ဇင်ကိုနဲ့ အသက် ၂၁ နှစ်အရွယ် အောင်အောင်ဦးတို့ ဖြစ်ကြပါတယ်။

ပြစ်မှုကျူးလွန်သူတွေထဲက “အသေးလေး”ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေတတာကြောင့် ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေလျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စမ်းချောင်းမြို့နယ် ရဲစခန်းက ပြစ်မှုကျူးလွန်သူတွေကို (ပ) ၃၈၉/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၄၊ ၃၂၃၊ ၃၂၄၊ ၅၀၆၊ ၁၁၄ တွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရတာ ဖြစ်ပါတယ်။