တိုက်ကြီး၌ ပြည်-ရန်ကုန် DEMU ရထား အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခံရ

(မှုခင်း) စက်တင်ဘာလ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၁ ရက် ညနေ ၆ နာရီကျော်က ပြည်ဘူတာမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ်(၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားအား အုတ်ခဲကျိုးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရထားသည် ဖလုံဘူတာနှင့် သနပ်ချောင်းဘူတာကြား မိုင်တိုင်အမှတ် ၄၈/၂၀ ရေကျော်ဘူတာအနီး ဖြတ်သန်းစဉ် ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ပြီး အုတ်ခဲကျိုးထိမှန်မှုကြောင့် ပထမတန်းတွဲ(၂) ဝဲဘက်ခြမ်းရှိ 4A-B ပြတင်းပေါက်မှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်ရာ ပစ်ပေါက်သူမှာ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာအုပ်စု၊ ဒုံးခိုက်ကျေးရွာနေ မီးရထားဝန်ထမ်းဂိတ်စောင့်တစ်ဦးဖြစ်ပြီး အရက်သောက်စားမူးယစ်ကာ သံလမ်းဘေးတွင် လမ်းခင်းရန်ထားရှိသည့် အုတ်ခဲကျိုးဖြင့် ရထားကို ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ တိုက်ကြီးမြို့မရဲစခန်းက (ပ)၁၄၇/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၄ ဖြင့် အမှုဖွင့်ထားပြီး အဆိုပါအမျိုးသားအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN