(မှုခင်း) စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် Grade-8 ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးအား ဂွင်းဂွဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အေးသာယာမြို့ အမှတ် (၁၁) ရပ်ကွက်ရှိ အထက (ခွဲ) စက်မှုဇုန်ကျောင်းတွင် Grade-8 တက်ရောက်နေသည့် မောင်ဟိန်းဇင်မောင်သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ကျောင်းမှ နေအိမ်သို့ ပြန်လာပြီး နေအိမ်တံခါးဖွင့်နေစဉ် အမှတ် (၁၂) ရပ်ကွက်နေ သူငယ်ချင်းဖြစ်သူ ရှိုင်းထက်ကျော်က အသင့်ကိုင်ဆောင်လာသည့် အလျား ၉ လက်မခန့်ရှိ ဂွင်းဂွဖြင့် ဦးခေါင်းအား ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိုက်နှက်ခံရမှုကြောင့် မောင်ဟိန်းဇင်မောင်တွင် ဦးခေါင်း၌ ၁ စင်တီမီတာခန့် သွေးထွက်ပေါက်ပြဲဒဏ်ရာနှင့် ယာဘက်လက်မောင်း၌ သွေးထွက်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရိုက်နှက်ခဲ့သူ ရှိုင်းထက်ကျော်အား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၄၇/၃၂၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေသခံများကလည်း ကလေးငယ်အချင်းချင်း အနိုင်ကျင့်ရိုက်နှက်မှုများ မဖြစ်ပွားစေရေးနှင့် ကျောင်းသားများ၏ ပညာသင်ကြားရေး ထိခိုက်မှုမရှိစေရေးအတွက် မိဘအုပ်ထိန်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကလေးငယ်များအား ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုကြသည်။

Telegram – t.me/positiveanglenews
#PAN