(ပြည်တွင်း) စက်တင်ဘာ ၁၉
ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တဇနကာဘိဝံသဟာ သက်တော် စက်တင်ဘာ ၁၉ ရက်နေ့ ဒီကနေ့ မနက် ၁၁ နာရီ ၁၀ မိနစ်တွင် ကံတော်ကုန်ပြီး ခန္ဓာ့ဝန်ချ ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ ရန်ကုန်မြို့က Grand Hantha International Hospital မှာ ဆေးကုသမှုခံယူနေရင်း ပျံလွန်တော်မူသွားခဲ့တာြဖစ်တယ်လို့ ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ့ (စင်ကာပူ) က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၉၉ နှစ်၊ ဝါတော် ၇၉ ဝါရှိပြီလို့ သိရပြီး ပျံလွန်တော်မူသွားခြင်းအတွက် ချမ်းမြေ့ရိပ်သာမိသားစုဝင်တွေ၊ သာသနာ့နွယ်ဝင်တွေနဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေက ဝမ်းနည်းကြေကွဲလျက်ရှိနေကြတာလည်း ဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ မိမိဘဝတစ်လျှောက် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမတွေကို အခြေခံပြီး မရေမတွက်နိုင်တဲ့ ဒါယကာ၊ ဒါယိကာမတွေကို ဓမ္မတရားတော်တွေ ဟောကြားပေးတာတွေ၊ မှန်ကန်တဲ့ ဓမ္မလမ်းစဉ်ပေါ်ကို လမ်းညွှန်ဆုံးမတာတွေနဲ့ ကရုဏာ၊ မေတ္တာ၊ စေတနာအပြည့်နဲ့ စောင့်ရှောက်ကူညီတာတွေကို အစဉ်မပြတ် ပြုလုပ်ခဲ့တယ်လို့ ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ့က ရေးသားထားပါတယ်။
ဆရာတော်ကြီးရဲ့ မြင့်မြတ်လှတဲ့ ဓမ္မအဆုံးအမတွေ၊ အနန္တကျေးဇူးတော်တွေနဲ့ သာသနာပြုလုပ်ငန်းတွေဟာ တပည့်ဒါယကာ၊ ဒါယိကာမတွေနဲ့ သတ္တဝါအပေါင်းတို့အပေါ် အစဉ်အမြဲ အကျိုးပြုလျက် ရှိနေမည်ဖြစ်ကြောင်း၊ ထိုသို့ မရေမတွက်နိုင်တဲ့ ဓမ္မကျေးဇူးတော်တွေအတွက် အထူးပင် ရိုသေလေးစားစွာ ကျေးဇူးတင်ရှိကြောင်းနဲ့ ဆရာတော်ကြီးကို အောက်မေ့သတိရလျက် ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဆရာတော်ဘုရားကြီး ချန်ထားတော်မူခဲ့တဲ့ မြတ်နိုးဖွယ် ဓမ္မအမွေအနှစ်တော်တွေဟာ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အစဉ်အမြဲ အလင်းရောင်ပေးနိုင်ပါစေကြောင်းနဲ့ သတ္တဝါအပေါင်းတို့ရဲ့ ငြိမ်းချမ်းရေး၊ ချမ်းသာရေးနဲ့ အကျိုးစီးပွားအတွက်လည်း ဆက်လက်အထောက်အကူပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားတာလည်း ဖြစ်ပါတယ်။

Telegram – t.me/positiveanglenews
#PAN