နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ တရားမဝင် သစ် ၉၂ တန်ကျော် သိမ်းဆည်းရမိ

(ပြည်တွင်း) စက်တင်ဘာ ၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိရေးအတွက် ပြည်သူလူထုပါဝင်သော CMRS စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အဟန့်အတားမရှိ ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်းသစ် ၈ ဒသမ ၇၅၉၁ တန်၊ သစ်မာ ၁၁ ဒသမ ၃၁၃၄ တန်၊ အခြားသစ် အမျိုးအစား ၇၂ ဒသမ ၆၂၇၀ တန်၊ စုစုပေါင်း တရားမဝင်သစ် ၉၂ ဒသမ ၆၉၉၅ တန်အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာဉ်/ယန္တရား ၈ စီးနှင့် တရားမဝင် သစ်များ လက်ဝယ်ထားရှိသူ တရားခံ ၈ ဦးတို့အား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် သစ်များ၊ ယာဉ်/ယန္တရားများနှင့် တရားခံများအား သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သစ်တောဦးစီးဌာနက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။