ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် မြေအိပဲ့ကျသည့်နေရာ၌ ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

(ပြည်တွင်း) စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီမြစ်ရေတိုက်စား၍ ဆည်မြောင်းတာ အိပဲ့ကျမှု ဖြစ်ပွားခဲ့သည့် နေရာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ အရေးပေါ် ယာယီကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ ဖြစ်သည့် Floating Structure တည်ဆောက်ခြင်း (ဝါးကိုင်းထည့်ခြင်း)၊ Steel Cable Groyne သံမဏိကြိုးအသုံးပြု ရေစီးထိန်းလုပ်ငန်း၊ Porcupine ရေစီးနှုန်းလျော့ ကမ်းထိန်းလုပ်ငန်း၊ တာခြေတုတ်တန်းရိုက် သဲအိတ်ဆင့်ခြင်းနှင့် ယာယီပန်းတာ တည်ဆောက်ခြင်းများအပြင် BD သောင်တူးရေယာဉ်ဖြင့် ရေလမ်းသောင်တူးနေမှုများကို ရေယာဉ်ဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

စစ်ဆေးစဉ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာ၏ ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချရမှု ရှိစေရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ ရေစီးကြောင်း၊ ရေစီးနှုန်းနှင့် ကမ်းပါး အခြေအနေများကို အမြဲမပြတ် စောင့်ကြည့်၍ လိုအပ်သည့်နေရာများတွင် အချိန်မီ ကြိုတင်ကာကွယ် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ မြစ်ကမ်း ရေတိုက်စားသည့် နေရာများ၌ ယာယီပန်းတာ တည်ဆောက်ခြင်း အလျား ၂,၄၅၀ ပေ၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း အလျား ၅,၉၀၀ ပေ၊ တုတ်တန်းရိုက် သဲအိတ်ဖြည့်ခြင်း အလျား ၁,၂၀၀ ပေ၊ Geotextile အုပ်ခြင်း ၁,၆၀၀ ပေ၊ ရေလမ်းသောင်တူးခြင်း ၉,၃၂၀ ကုဗမီတာ၊ Steel Cable Groyne အလျား ၁၀၀ ပေရှိ ၁၀ ချောင်း တပ်ဆင်ခြင်းနှင့် Porcupine ချထားခြင်း ၇၃၈ ခုတို့ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကမ်းထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း စက်အင်အား၊ လူအင်အား သုံး၍ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။