
(ပြည်တွင်း) စက်တင်ဘာ ၁၇
မြန်မာတပ်တော်နဲ့ အိန္ဒိယတပ်မတော် နှစ်ရပ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး လေ့ကျင့်မှုကို လဝက်ခန့်ကြာ ပြုလုပ်နေတာဖြစ်တယ်လို့ အိန္ဒိယစစ်တပ်က ထုတ်ပြန်ပါတယ်။
၅ ကြိမ်မြောက် အိန္ဒိယ-မြန်မာတပ်မတော် ပူးတွဲစစ်ရေးလေ့ကျင့်မှု India–Myanmar Bilateral Army Exercise (IMBAX) ကို အိန္ဒိယနိုင်ငံ၊ မေဃာလယပြည်နယ်၊ အုမ်ရွိုင်းမြို့က ပူးတွဲလေ့ကျင့်ရေးစခန်းမှာ ပြုလုပ်နေကြတာဖြစ်တယ်လို့ အိန္ဒိယတပ်မတော်ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိလေ့ကျင့်ရေးဟာ တပ်မတော်နှစ်ရပ်အကြား ပူးတွဲလေ့ကျင့်မှုတွေကတဆင့် ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်အာဏာအောက်မှာ စစ်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည် ပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်ဖို့၊ အပြန်အလှန် နားလည်မှု၊ ရဲဘော်ရဲဘက်စိတ်ဓာတ်နဲ့ စစ်ဘက်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း ခိုင်မာစေဖို့ ဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးဌာနက ပြောပါတယ်။
ဒါ့အပြင် “အောင်မြင်မှုဆီသို့ ဦးတည်သော ခြေလှမ်းများ (JAI se VIJAY) “ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ မြန်မာ့တပ်မတော်သားတွေဟာ အိန္ဒိယတပ်မတော် အသုံးပြုလျက်ရှိတဲ့ ပြည်တွင်းထုတ် လက်နက်တွေနဲ စက်ကိရိယာအမျိုးမျိုးကို လေ့လာကြည့်ရှုခွင့် ရရှိစေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလေ့ကျင့်ခန်းဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးတို့ကို မြှင့်တင်ဖို့ နှစ်နိုင်ငံစလုံးရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုတာဖြစ်တယ်လို့ အိန္ဒိယတပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
ယခုကျင်းပတဲ့ ၅ ကြိမ်မြောက် (IMBAX)ကို စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ၁၄ ရက်တာကြာ ပြုလုပ်သွားဖို့ရှိနေတာ ဖြစ်တယ်လို့လည်း သိရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး (MoS) Pabitra Margherita သည် နယူးဒေလီမြို့မှာ မြန်မာနိုင်ငံလွှတ်တော်က ဖွဲ့စည်းထားတဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရေး ဆွေးနွေးခဲ့ကြတာလည်း ရှိခဲ့ပါတယ်။
ထိုတွေ့ဆုံမှုအတွင်းမှာ ပြည်နယ်ဝန်ကြီးက အိမ်နီးချင်းနိုင်ငံတွေကို ဦးစားပေးတာတွေ (Neighbourhood First)၊ အရှေ့ဘက်ဒေသနဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒ (‘Act East) နဲ့ ဒေသအသီးသီးမှာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်ဘက်စုံတိုးတက်ရေး (MAHASAGAR) စတဲ့ အိန္ဒိယနိုင်ငံခြားရေးမူဝါဒရဲ့ အဓိကဦးစားပေးအချက်တွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံနဲ့ ဘက်စုံမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ဖို့ New Delhi ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ဟာ Lok Sabha အတွင်းဝန်ရုံးရဲ့ လေ့ကျင့်ရေးနဲ့ သုတေသနဌာနခွဲဖြစ်တဲ့ Parliamentary Research and Training Institute for Democracies (PRIDE) မှာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတက်ရောက်ဖို့ နယူးဒေလီမြို့ကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။