(မှုခင်း) စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ လမ်း (၈၀)၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ နေအိမ်တွင် နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများသည် Online အသုံးပြု၍ ကျောက်မျက်ရတနာများအား လိမ်လည်ရောင်းချလျက်ရှိကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့တိုင်ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ Online အသုံးပြု၍ ကျောက်မျက်ရတနာများအား လိမ်လည်ရောင်းချလျက်ရှိသည့် တရုတ်နိုင်ငံသား Mr.Chen Xiao Dai (ချိန်ရှောင်းတိုက်) ဦးဆောင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ မလေးရှားနိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်းတရားခံ ၂၀ ဦးတို့အား Online လိမ်လည်ရာတွင် အသုံးပြုသည့် Desktop Computer ၂၈ လုံး၊ Laptop Computer ၃ လုံး၊ ကွန်ပျူတာ System Box ၂ လုံး၊ ဖုန်း ၈၁ လုံး၊ Tablet ၃ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်းနှင့် ၁၀၁ လမ်းထောင့်ရှိ တရားခံ အင်ခွန်ခါးတောမ်၏ “မက်ဒါလီနမွန် (MagDalenamoom) ကျောက်မျက်ရတနာရောင်းဝယ်ရေး” နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ Online အသုံးပြု၍ ကျောက်မျက်ရတနာများအား လိမ်လည်ရောင်းချလျက်ရှိသော ကွင်းဆက်တရားခံများဖြစ်ကြသည့် အင်ခွန်ခါးတောမ်ပါ မြန်မာနိုင်ငံသား အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦး၊ စုစုပေါင်းတရားခံ ၈ ဦးတို့အား ဖုန်းမျိုးစုံ ၄၉၈ လုံး၊ Tablet ၁ လုံး၊ XL အမျိုးအစား Laptop ၁ လုံး၊ Computer System Board ၅ လုံး၊ Computer Monitor ၁ လုံး၊ ကျောက်စိမ်းဟုယူဆရသည့် လက်ကောက် ၁၅ ကွင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိတရားခံ တရုတ်နိုင်ငံသား Chen Xiao Dai (ချိန်ရှောင်းတိုက်) အား စစ်ဆေးရာ ၎င်းသည် လိမ်လည်မှုများအား ခေါင်းဆောင်သူဖြစ်ပြီး Online လိမ်လည်မှုပြုလုပ်ရန် ဖုန်းမျိုးစုံ အလုံး ၅၀၀ ခန့်အား လာအိုနိုင်ငံနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်သယ်ယူခဲ့ကြောင်း၊ မဟာအောင်မြေမြို့နယ်ရှိ သုံးထပ်တိုက်နှင့် တရားခံ အင်ခွန်ခါးတောမ်၏ ကျောက်မျက်အရောင်းဆိုင်တို့၌ ကျောက်စိမ်းအချောထည်အတုများနှင့် အရည်အသွေးမကောင်းသော အချောထည်များကို ကြိုတင်ပြင်ဆင်စုဆောင်းထားကာ အရောင်တူကျောက် ၁၀ လုံးအား အိတ်များအတွင်း ထည့်၍ ၎င်းတို့၏ အဖွဲ့ဝင်များက ကံစမ်းသည့် ပုံစံဖြင့် သရုပ်ဆောင်ကာ Live လွှင့်ပြီး ရောင်းချကြောင်း၊ ကံစမ်းမဲပေါက်သူများအား ကျောက်စိမ်းအကြမ်းထည် ၁ အိတ် လက်ဆောင်ရရှိသဖြင့် ပေးပို့ရန် အခွန်အခပေးရမည်ဟု လိမ်လည်၍ ငွေများလက်ခံရယူပြီးနောက် Block ခဲ့ကြောင်း၊ လိမ်လည်ရာမှရရှိသည့် ငွေများအား အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံရှိ Bank Account များသို့ တိုက်ရိုက်ငွေလွှဲပေးပို့စေခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားခံ အင်ခွန်ခါးတောမ်သည် ၎င်း၏နေအိမ်အား ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ပြီး တရုတ်နိုင်ငံသား Chen Xiao Dai (ချိန်ရှောင်းတိုက်) နှင့်အတူ Online အသုံးပြုကာ ကျောက်မျက်ရတနာလိမ်လည်ရောင်းချသည့် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာအတုများနှင့် အရည်အသွေးမကောင်းသော အချောထည်များအား လိမ်လည်ရောင်းချသူ တရုတ်နိုင်ငံသား ၆ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ မြန်မာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN