(မှုခင်း) စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် သတင်းအရ စောင့်ဆိုင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၇ သန်းကျော်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများကို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုကို ပူတာအိုခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်၊ မြို့နယ်နယ်ထိန်းအဖွဲ့နှင့် ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၁၅ ရက်တွင် သတင်းအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပူးပေါင်းအဖွဲ့သည် ပြည်ထောင်စုလမ်းမကြီး၊ ဖတ်မာကျေးရွာနှင့် လုံရှာယာန်ကျေးရွာကြား၌ စောင့်ဆိုင်းနေစဉ် လုံရှာယာန်ကျေးရွာဘက်မှ ဖတ်မာကျေးရွာဘက်သို့ လမ်းလျှောက်လာသည့် မသင်္ကာဖွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ အမျိုးသားမှာ မုံယက်ကျေးရွာနေ အောင်မင်းဖြစ်ကြောင်း သိရှိရပြီး သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ ၎င်းထံမှ တစ်ထုပ်လျှင် ဆေးပြား ၁၉၀ စီပါဝင်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ထုပ်၊ စုစုပေါင်း ဆေးပြား ၃,၆၁၀ ပြား၊ အလေးချိန် ၃၂၄ ဒသမ ၉ ဂရမ်ခန့်၊ ကာလတန်ဖိုးငွေကျပ် ၇,၂၂၀,၀၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် အောင်မင်းနှင့်အတူ လိုက်ပါလာသည့် မုံယက်ကျေးရွာနေ ဒူးယော်ဆာဆိုသူ အမျိုးသမီးကို ဆက်လက်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက် ၂ ခွက်၊ စုစုပေါင်း အလေးချိန် ၁၈ ဂရမ်ခန့်နှင့် ကာလတန်ဖိုးငွေကျပ် ၅၄၀,၀၀၀ ခန့်ကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ အောင်မင်းနှင့် ဒူးယော်ဆာတို့ နှစ်ဦးကို သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ထိရောက်စွာ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN