(မှုခင်း) စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် စက်တင်ဘာ ၈ ရက်က ဆေးခြောက် ၁၅၅ ကီလိုနှင့် ဆေးခြောက်အရည် ၄ လီတာ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဒေသတန်ဖိုး ကျပ်သိန်း ၃,၁၀၃ ဒသမ ၆ သိန်းရှိကြောင်း သိရသည်။
စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ညောင်တုန်းလမ်းတွင် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါ SUZUKI EVERY အမျိုးအစား မော်တော်ယာဉ်ကို တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ကျော်မိုးဟန်၊ အသက် ၃၄ နှစ်က မောင်းနှင်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်နေ ကျော်ဇင်ထွန်း၊ အသက် ၃၇ နှစ် လိုက်ပါလာကြောင်း သိရသည်။
စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဆေးခြောက် ၄ ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီတွင် ကျော်ဇင်ထွန်းနေထိုင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်ရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဆေးခြောက် ၁၅၁ ကီလိုနှင့် ဆေးခြောက်အရည် ၄ လီတာတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဆေးခြောက်စုစုပေါင်း ၁၅၅ ကီလိုမှာ တစ်ကီလိုလျှင် ဒေသတန်ဖိုး ကျပ်သိန်း ၂၀ နှုန်းဖြင့် ကျပ်သိန်း ၃,၁၀၀ တန်ဖိုးရှိပြီး ဆေးခြောက်အရည် ၄ လီတာမှာ တစ်လီတာလျှင် ကျပ် ၉၀,၀၀၀ နှုန်းဖြင့် ကျပ် ၃ ဒသမ ၆ သိန်း တန်ဖိုးရှိကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်းဒေသတန်ဖိုးမှာ ကျပ်သိန်း ၃,၁၀၃ ဒသမ ၆ သိန်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဇင်ထွန်းနှင့် ကျော်မိုးဟန်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အပြင် ဆေးခြောက်ဖြန့်ဖြူးရောင်းချသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews
#PAN