Chatsworth တွင် NBC4 သတင်းရဟတ်ယာဉ် ပျက်ကျ၊ လူ ၃ ဦး သေဆုံးပြီး ၂ ဦး ဆေးရုံတင်ပို့

(နိုင်ငံတကာ) စက်တင်ဘာ ၁၆

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ Chatsworth ဧရိယာတွင် အင်္ဂါနေ့ညပိုင်းက NBC ဒေသခံသတင်းဌာန၏ NewsChopper 4 သတင်းရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူ ၃ ဦး သေဆုံးကာ ၂ ဦး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း NBC နှင့် လော့စ်အိန်ဂျလိစ် မီးသတ်ဌာနတို့၏ ပြောကြားချက်များအရ သိရသည်။

NBC Los Angeles ၏ ရုပ်သံသတင်းကြေညာသူများက ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှာ ၎င်းတို့၏ NewsChopper 4 ဖြစ်ကြောင်း တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုအတွင်း အတည်ပြုပြောကြားခဲ့သည်။

NBC သတင်းကြေညာသူ Colleen Williams က ဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များကို စုစည်းနေစဉ် သတင်းရဟတ်ယာဉ်ဖြစ်ကြောင်း သိရှိထားပြီး ရဟတ်ယာဉ်ပေါ်ရှိ မိမိတို့၏ ဝန်ထမ်းများနှင့်လည်း အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း၊ ထို့နောက် ည ၇ နာရီမတိုင်မီခန့်က Chatsworth တွင် NewsChopper 4 ပျက်ကျခဲ့ကြောင်း အတည်ပြုချက်ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ဒေသစံတော်ချိန် ည ၉ နာရီခွဲကျော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပျက်ကျရာနေရာတွင် လူ ၅ ဦးကို စစ်ဆေးခဲ့ပြီး ၃ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ကာ ကျန် ၂ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူများအနက် အနည်းဆုံးတစ်ဦးမှာ စီးပွားရေးအဆောက်အအုံတစ်ခုအနီးရှိ ကားရပ်နားရာနေရာတွင် အပြင်ဘက်၌ ရှိနေသူဖြစ်ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။

ကျန်သေဆုံးသူ ၂ ဦးမှာ မြေပြင်ပေါ်ရှိသူများလား၊ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသူများလားဆိုသည်ကိုမူ ချက်ချင်း မသိရသေးပေ။

ထို့အပြင် NBC သတင်းကြေညာသူများက ရဟတ်ယာဉ်ပေါ်တွင် လူမည်မျှ လိုက်ပါခဲ့သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုသည် အင်္ဂါနေ့အစောပိုင်းတွင် အဆိုပါဧရိယာ၌ Los Angeles Metro ဘတ်စ်ကားတစ်စီးနှင့် ခရီးသည်တင်ယာဉ်တစ်စီး တိုက်မိခဲ့ရာ လူအနည်းဆုံး ၂ ဦး သေဆုံးပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ဘတ်စ်ကားတိုက်မှုဖြစ်စဉ်ကို သတင်းယူနေစဉ် ရုပ်သံသတင်းဌာနများ၏ ရဟတ်ယာဉ်အများအပြား အဆိုပါဧရိယာအတွင်း ရှိနေခဲ့ပြီး ထိုအချိန်တွင် NBC ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်သည် ဘတ်စ်ကားတိုက်မှုဖြစ်စဉ်ကို သတင်းယူနေသည့် သတင်းအဖွဲ့များအနီး San Fernando Valley ရှိ သိုလှောင်ရုံအဆောက်အအုံတစ်ခုအနီးသို့ ပျက်ကျခဲ့ပြီး မီးလောင်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ပျက်ကျပြီးနောက် မော်တော်ယာဉ် အနည်းဆုံး ၄ စီးနှင့် သိုလှောင်ကွန်တိန်နာ ၂ လုံး မီးလောင်ခဲ့ကြောင်း လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ပြောကြားခဲ့သည်။

မီးလောင်မှုကို အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်သမား ၇၀ ကျော်က ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက်ကျမှု၏ အကြောင်းရင်းကို National Transportation Safety Board (NTSB) နှင့် Federal Aviation Administration (FAA) တို့က စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မီးသတ်ဌာနက ပြောကြားသည်။

NBC က အဆိုပါ NewsChopper 4 ရဟတ်ယာဉ်ကို NBC နှင့် ဆက်နွှယ်သည့် Angel City Air ကုမ္ပဏီက လည်ပတ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Angel City Air က Reuters ၏ မှတ်ချက်တောင်းခံမှုကို ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass က Chatsworth တွင် ဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုနှင့် ဘတ်စ်ကားတိုက်မှုတို့ကြောင့် လူများ သေဆုံးခဲ့ရခြင်းအပေါ် အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ကလည်း ဖြစ်စဉ်နှစ်ခုအတွင်း သေဆုံးခဲ့သူများနှင့် မိသားစုများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး NBC4 မိသားစုနှင့်အတူလည်း ဝမ်းနည်းပူဆွေးမိကြောင်း ပြောကြားခဲ့သည်။

Comcast က ပိုင်ဆိုင်သည့် NBC နှင့် လော့စ်အိန်ဂျလိစ် မီးသတ်ဌာနတို့က ဖြစ်စဉ်နှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို Reuters က အီးမေးလ်ဖြင့် မေးမြန်းခဲ့သော်လည်း ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN