(မှုခင်း) စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တို့တွင် စက်တင်ဘာ ၁၄ ရက်က လူဖမ်းဆီးခေါ်ဆောင်မှုဖြစ်စဉ် နှစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက် နံနက် ၁ နာရီခွဲတွင် ကန့်ဘလူမြို့နယ်၊ သဘွတ်ကုန်းကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်သမားများ အင်အားစိစစ်ဆဲဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ ဦးယဉ်ထွေး၊ အသက် ၄၅ နှစ်အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးယဉ်ထွေးပိုင်ဆိုင်သည့် လက်ကိုင်ဖုန်းတစ်လုံးနှင့် နွားနှစ်ကောင်တို့ကို လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တစ်ရွာတည်းနေ ဦးဝင်းမိုး၊ အသက် ၄၅ နှစ်နှင့် ၎င်း၏ဇနီး ဒေါ်ဇင်မာဦးတို့ကို ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်းတို့၏နေအိမ်အတွင်းရှိ လက်ကိုင်ဖုန်းသုံးလုံး၊ ရွှေငါးကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၁၀၀ တို့ကို လုယက်ယူဆောင်ကာ သုံးဦးစလုံးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အိမ်ရှေ့ပြင်ကျေးရွာမှ သရက်ချောင်းမြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်ခွာလာသည့် သရက်ချောင်းမြို့နယ် ဥပဒေရုံးမှ အကြီးတန်းစာရေး ဒေါ်ခိုင်ဇင်ထွေး၊ အသက် ၃၁ နှစ်အား တီတွတ်ပြင်ကျေးရွာအနီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ ဒေါ်ခိုင်ဇင်ထွေးအား PDF အမည်ခံအကြမ်းဖက်သမား လေးဦးက ဆိုင်ကယ်ဖြင့် တားဆီးခဲ့ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်နှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN