
(ပြည်တွင်း) စက်တင်ဘာ ၁၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် တောင်ကြီးမီးရထားရိပ်သာ၌ ဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရေး၊ ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးနှင့် ရုံး/အိမ်ရာများ သန့်ရှင်းကောင်းမွန်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးဘူတာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘူတာသန့်ရှင်းသပ်ရပ်ရေးနှင့် ကလော-မြင်းဒိုက်၊ ကလော-အောင်ပန်း လမ်းပိုင်းများတွင် စင်းလုံးငှားပြေးဆွဲပေးနေသည့် ရှုခင်းကြည့် RGC ရထား၏ လိုအပ်ချက်များအား ပြန်လည်ပြုပြင်ရန် မှာကြားခဲ့ပြီး ဆက်လက်၍ အထူးရထားဖြင့် တောင်ကြီးဘူတာမှ ပေါမူဘူတာအထိ လိုက်ပါစီးနင်းကာ ရထားလမ်းပိုင်း၊ ထီသိမ်အဝိုင်းပတ် ရထားလမ်းတာပေါင်များ ကြံ့ခိုင်ရေး၊ မြေထိန်းနံရံနှင့် ရေထွက်ပေါက်များ ကောင်းမွန်ရေး ပြုပြင်ထားရှိမှုများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်းသိရသည်။
ယင်းနောက် သာစည်ဘူတာသို့ ရောက်ရှိကာ ဘူတာအဝင် ရထားလမ်းခုံးကျော်တံတားအသစ်နှင့် ဘူတာအသစ် တည်ဆောက်မည့်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ်၊ ယင်းမာပင်ဘူတာမှ အထူးရထားဖြင့် လိုက်ပါစီးနင်း၍ ယင်းမာပင်-ကလော ရထားလမ်းပိုင်း၊ လယ်ပြင်နှင့် ပထမလွန်းထိုးဘူတာအကြား မိုင်တိုင်အမှတ် (၃၄၆/၀) ရှိ ရွှေမင်းဘုန်းတံတား၊ ပထမလွန်းထိုးဘူတာ၊ ခွေးရုပ်ဘူတာ၊ ဆင်တောင်နှင့် မြင်းဒိုက်ဘူတာအကြား မိုင်တိုင် (၃၅၉/၁၆-၂၀) ရှိ အရှည်ပေ ၈၃၀ ရှိသော ကမ်းပါးနီလိုဏ်ဂူနှင့် ကလောဘူတာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။