ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(ပြည်တွင်း) စက်တင်ဘာ ၁၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနှင့် ဂျပန် နှစ်နိုင်ငံသည် ၁၉၅၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီးတွင် မဏ္ဍိုင်ကြီး ၃ ရပ် ပေါ်ပေါက်လာခဲ့ပြီး ဂျပန်နိုင်ငံကဲ့သို့ပင် လွှတ်တော်နှစ်ရပ်စနစ် ကျင့်သုံးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖန်တီးထားရှိပြီးဖြစ်ရာ လွှတ်တော်အချင်းချင်း၊ ကော်မတီအချင်းချင်း ထိတွေ့ဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် အေးချမ်းသာယာသည့် အခြေအနေများကို တွေ့မြင်ရပြီး ပြင်ပတွင် ဖြစ်ပေါ်နေသော သတင်းများနှင့် ကွာခြားလျက်ရှိသည်ကို တွေ့ရကြောင်း ပြောကြားခဲ့နှင့် ဂျပန်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁ သိန်းကျော်၏ ကြိုးစားအားထုတ်မှုကြောင့် နာမည်ကောင်းရရှိထားပြီး Specified Skilled Worker (SSW) စနစ်သစ်ဖြင့် ကျွမ်းကျင်လုပ်သားများ ဆက်လက်ခေါ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

ယခု ခရီးစဉ်သည် နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပြန်လည်ခိုင်မာလာစေရေးတို့အတွက် လာရောက်ခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။