လက်ပံတန်းတွင် နေအိမ်အနီး လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲ၊ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရ

(မှုခင်း) စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာတွင် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက နေအိမ်အနီးသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက် နံနက် ၅ နာရီ ၂၀ မိနစ်တွင် ကြို့ပင်သာကျေးရွာနေ မောင်မင်းသွေးခန့် အသက် ၁၆ နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်အနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် မောင်မင်းသွေးခန့်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရန် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများနှင့် Drone ဖြင့် Drop Bomb များ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်း သိရသည်။