သိန္နီတွင် MNDAA ထိန်းချုပ်ဧရိယာရှိ ယမ်းထုတ်လုပ်ရေးနေရာ ပေါက်ကွဲ၊ လူ ၁၅ ဦးခန့် ထိခိုက်သေဆုံးဟု ဒေသခံများပြော

(ပြည်တွင်း) စက်တင်ဘာ ၈

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ ကိုးကန့်လက်နက်ကိုင် (MNDAA) ထိန်းချုပ်ထားသည့် မန်မိုင်ရွာအထက် ကုန်းပေါ်ရှိ ယမ်းထုတ်လုပ်ရေးနေရာတစ်ခုတွင် ယနေ့ စက်တင်ဘာ ၈ ရက် နံနက် ၅ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများနှင့် ရှမ်းသတင်းရင်းမြစ်အချို့၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါနေရာတွင် MNDAA များရှိပြီး ယမ်းထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်နေသည့် နေရာဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင် ၂ ဦး၊ အလုပ်သမား ၅ ဦးနှင့် MNDAA တပ်ဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၁၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ရှမ်းသတင်းရင်းမြစ်အချို့က ပြောကြားထားသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများသည် သိန္နီဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။

ပေါက်ကွဲမှုသည် အနီးဝန်းကျင်ရှိ ကျေးရွာများအထိ တုန်ခါမှုခံစားရသည့်အထိ ပြင်းထန်ခဲ့ပြီး နေအိမ်အချို့၏ မှန်များကွဲခြင်းနှင့် မျက်နှာကျက်များ ပြုတ်ကျခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် အနီးဝန်းကျင်ရှိ တရုတ်ကျောင်းများကိုလည်း ပိတ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ (MNDAA) ဘက်က တရားဝင်သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ယခင် မေလ ၃၁ ရက်ကလည်း တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ ကောင်းတပ်ရွာတွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်များ ရာနှင့်ချီ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ သိန္နီမြို့နယ် ပေါက်ကွဲမှုနှင့်ပတ်သက်၍ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်များကို သက်ဆိုင်ရာဘက်များက တရားဝင်အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသဖြင့် လက်ရှိအချက်အလက်များမှာ ဒေသခံများနှင့် သတင်းရင်းမြစ်အချို့၏ ပြောဆိုချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN