ညောင်လေးပင်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရ၊ နှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာရ

(မှုခင်း) စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဌေး၊ အသက် ၆၇ နှစ်သည် တစ်ရွာတည်းနေ ရာအိမ်မှူး ဦးအောင်ကျော်မျိုး၊ အသက် ၄၃ နှစ်နှင့်အတူ ညောင်လေးပင်မြို့နယ်၊ အောင်ကြီးကျေးရွာမှ ချောင်းရင်းကျေးရွာဘက်သို့ ချောင်းရင်း-ကညင်နှစ်ပင်ကျေးရွာ ချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ကတုတ်ကျေးရွာလမ်းဆုံအနီးသို့ ရောက်ရှိချိန်တွင် PDF အမည်ခံအကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးစိုးဌေးနှင့် ဦးအောင်ကျော်မျိုးတို့ နှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနိုင်ရန် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပစ်ခတ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။