(ပြည်တွင်း) စက်တင်ဘာ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်ဝယ်ကျေးရွာရှိ ကောင်းမြန်မာနို့စားနွားမွေးမြူရေးသမဝါယမလီမိတက်သို့ သွားရောက်၍ နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့သည်။
ထိုသို့ကြည့်ရှုရာတွင် သမဝါယမအသင်းတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက စနစ်ကျသော မွေးမြူရေးလုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် အစုအဖွဲ့သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို အားပေးကူညီလျက်ရှိကြောင်းနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့သည်။
ယင်းနောက် ပြင်ဦးလွင်မြို့နယ်ရှိ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနနှင့် နည်းပညာဗဟိုဌာနခြံသို့ သွားရောက်လေ့လာခဲ့ပြီး ပိုးချည်စက်ရုံများအတွက် ကုန်ကြမ်းရရှိရေးတွင် ပိုးစာစိုက်ပျိုးတောင်သူများ၏ အခန်းကဏ္ဍ အရေးပါကြောင်း ဆွေးနွေးခဲ့သည်။
ပိုးစာစိုက်ပျိုးတောင်သူများကို အစုအဖွဲ့စနစ်၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ရန်၊ မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးရေးကို သမဝါယမကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပိုးချည်၊ ပိုးစာရွက်၊ ပိုးစာသီးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပံ့ပိုးပေးရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာငါးရွာရှိ အိမ်ခြေ ၈၂၀၊ လူဦးရေ ၂၈၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်တို့ကို တိုက်ရိုက်အကျိုးပြုနိုင်မည့် ပြင်ဦးလွင်မြို့ရှောင်လမ်းမှ နောင်လှိုင်ကျေးရွာသို့ ဆက်သွယ်သည့်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းသည် ကျေးလက်ဒေသ၏ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကို အထောက်အကူပြုမည့် လမ်းဖြစ်သဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
ဆက်လက်၍ ကြီးကိုင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) မှ အတိုးရငွေနှင့် ကျေးရွာပြည်သူများ ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နေမှုကို ကြည့်ရှုခဲ့သည်။
ထို့အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ သံဂဟေဆက်သင်တန်းမှ သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသည့် သင်တန်းသားများအနက် ကိုယ်ပိုင်လုပ်ငန်းထူထောင်ထားသည့် “အောင်အောင်” သံပန်း၊ သံတံခါးလုပ်ငန်းကိုလည်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပြီးဖြစ်သည့် လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
နောက်ဆုံးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး) သို့ သွားရောက်ပြီး ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် သင်တန်းကျောင်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သင်တန်းပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့်လည်း ကြိုးစားသင်ယူကြရန် မှာကြားခဲ့ကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN