(နိုင်ငံတကာ) စက်တင်ဘာ ၄
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာပြီး Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့ရေးနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Viettel သို့ ရောက်ရှိကြရာ ကုမ္ပဏီတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် Viettel ဥက္ကဋ္ဌက ကုမ္ပဏီ၏ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၌ Mytel နှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် Mytel ၏ ဆက်သွယ်ရေးကွန်ရက်နှင့် အခြေခံအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့မှုများရှိခဲ့သဖြင့် ပြန်လည်ပြုပြင်ခြင်းနှင့် ကွန်ရက်တိုးချဲ့ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကာ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက Viettel ၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ တိုးတက်မှုများကို အသိအမှတ်ပြုချီးကျူးပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။