(မှုခင်း) စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ အမှတ်(၄)ရပ်ကွက်၊ စွန်းလွန်းဂူဘုန်းကြီးကျောင်းလမ်းရှိ နေအိမ်တစ်အိမ်ကို WY စာတန်းပါ ပန်းရောင်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် အင်းတကော်မြို့ အမှတ်(၁၁၉၃)၊ စွန်းလွန်းဂူဘုန်းကြီးကျောင်းလမ်း၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူ နန့်ထက်ထက်ထွန်း၊ အသက် ၂၁ နှစ်အား စစ်ဆေးခဲ့ရာ ၎င်း ဝတ်ဆင်ထားသည့် ဘောင်းဘီအတွင်းမှ အဖြူရောင်ကော်ဗူးတစ်ဗူးအတွင်း ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်ဆေးပြား ၇၃ ပြား၊ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ဆေးမေးမြန်းချက်အရ နန့်ထက်ထက်ထွန်းသည် လှည်းကူးမြို့ ဇရပ်ကွင်းလမ်းဆုံတွင် တွေ့ဆုံခဲ့သည့် အမျိုးသားတစ်ဦးထံမှ WY စာတန်းပါ ပန်းရောင်ဆေးပြား ၁၀၀ ပါ တစ်ထုပ်ကို ငွေကျပ် ၁၁၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး တစ်ပြားလျှင် ငွေကျပ် ၂,၅၀၀ ဖြင့် ပြန်လည်ရောင်းချခဲ့ရာ ကျန်ရှိသည့် ဆေးပြားများဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နန့်ထက်ထက်ထွန်းအား အင်းတကော်မြို့ နယ်မြေရဲစခန်းတွင် မယ(ပ) ၅/၂၀၂၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားပြီး တာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN