မော်လမြိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား အပြား ၂ သိန်းကျော်နှင့် ဘိန်းဖြူဘလောက်တုံး ၁၇၉ တုံးဖမ်းမိ

(မှုခင်း) သြဂုတ် ၂၉မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား အပြား ၂ သိန်းကျော်နှင့် ဘိန်းဖြူဘလောက်တုံး ၁၇၉ တုံးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက် နံနက် ၁၁ နာရီခန့်က မော်လမြိုင်မြို့နယ်၊ ဘားအံ-မော်လမြိုင်သွားကားလမ်း၊ ကျုံစိန်းကျေးရွာ ဆိုင်းဘုတ်အနီးတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသည့် အသက် ၄၇ နှစ်အရွယ်ယာဉ်မောင်း ကျော်လွင်မိုး၊ ယာဉ်မောင်းဘေးခုံတွင် လိုက်ပါလာသူ အသက် ၄၆ နှစ်အရွယ် ဇေယျာဝင်း(ခ)ဆန်းပွင့်(ခ)သားချိုနှင့် နောက်ခုံ၌ လိုက်ပါလာသူ အသက် ၃၂ နှစ်အရွယ် မအိသွင်ရွှေတို့၏ ခန္ဓာကိုယ်နှင့် မော်တော်ယာဉ်အား သက်သေများရှေ့ ရှာဖွေခဲ့ရာ ဖုန်း သုံးလုံး၊ ကားသော့တစ်ချောင်းနှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၂၅၀ တို့ကို သိမ်းဆည်းခဲ့သည်။

ဆက်လက်ပြီး ကျော်လွင်မိုး၊ ဇေယျာဝင်း(ခ)ဆန်းပွင့်(ခ)သားချိုနှင့် မအိသွင်ရွှေတို့အား မူးယစ်ဆေးဝါးများနှင့် ပက်သက်၍ စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းရှိ Royal Hinthar ဟိုတယ်၏ ရှေ့ ကားပါကင်တွင် ရပ်၍ထားရှိသော အဖြူရောင် မော်တော်ယာဉ်ပေါ်တွင် မူးယစ်ဆေးဝါးများဝှက်၍ သိမ်းဆည်းထားရှိကြောင်း သိရသည်။

အဆိုပါနေရာသို့ လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ Royal Hinthar ဟိုတယ်၏ ကားပါကင်တွင် ရပ်ထားသော TOYOTA WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ် နောက်ခန်းတွင် “ဖွေးဖွေး”စာတန်းပါ အဖြူရောင်ဆာလာအိတ် အတွင်း အဖြူရောင်ပလပ်စတစ်အိတ်အပြာရောင်စက္ကူ၊ ဖယောင်းစက္ကူ၊ အဝါရောင်တိတ်၊ အဖြူရောင်ရေကြည်အိတ်၊ အဖြူရောင်မှိုင်းခံစက္ကူတို့ဖြင့် အဆင့်ဆင့်ထုပ်ပိုး၍ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင် ၁၉၈ ပြား၊ အစိမ်းရောင် နှစ်ပြား၊ ပေါင်း ၂၀၀ ပြားပါ ၅၀ ထုပ်၊ စုစုပေါင်း ၁၀၀၀၀ ပြားပါသည့် အထုပ် ၂၅ ထုပ်၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀၀ဝ ပြား၊ ကာလတန်ဖိုး ၈၇၅,၀၀၀,၀၀ဝ ကျပ်အား လည်းကောင်း၊ဆက်လက်ရှာဖွေခဲ့ရာ“ဖွေးဖွေး”စာတန်းပါ အဖြူရောင်ဆာလာအိတ်အတွင်းတွင် အဖြူရောင် ပလပ်စတစ်အိတ်၊ အပြာရောင်စက္ကူ၊ အဖြူရောင်ရေကြည်အိတ်၊ DOUBLE UOGLOBE BRAND စာတန်းပါ ဖယောင်းစက္ကူ၊ အဝါရောင်တိတ်၊ အကြည်ရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထား သော မူးယစ်ဆေးဝါးဟုယူဆရသည့် ဘိန်းဖြူအလေးချိန် ၃၅၀ ဂရမ်ခန့်ပါ လေးထောင့်ပုံ ဘလောက်တုံး ၇၉ တုံး၊ စုစုပေါင်းကာလတန်ဖိုး ၁,၃၈၂,၅၀၀,၀၀ဝ ကျပ်ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အလားတူ မော်တော်ယာဉ်၏ ကြမ်းခင်းအတွင်းဝှက်၍ စီတန်းထည့်ထားသော အဖြူရောင်ပလပ်စတစ် အိတ်၊ အပြာရောင်စက္ကူ၊ အဖြူရောင်ရေကြည်အိတ်၊ DOUBLE UOGLOBE BRAND စာတန်းပါ ဖယောင်းစက္ကူ၊ အဝါရောင်တိတ်၊ အကြည်ရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော မူးယစ် ဆေးဝါးဟုယူဆရသည့် ဘိန်းဖြူ အလေးချိန် ၃၅၀ ဂရမ်ခန့်ပါ လေးထောင့်ပုံဘလောက်တုံး ၁၀၀ တုံး၊ ကာလတန်းဖိုး ၁,၇၅၀,၀၀၀,၀၀ဝကျပ်အားလည်းကောင်း အသီးသီးရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသည့် တရားခံ ကျော်လွင်မိုး၊ ဇေယျာဝင်း(ခ)စန်းပွင့်(ခ)သားချိုနှင့် မအိသွင်ရွှေတို့(၃)ဦးအား အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN