(နိုင်ငံတကာ) ဩဂုတ် ၂၁
အီရန်အပေါ် အမေရိကန်က သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်ကြောင့် အကြီးစား စစ်ရေးစစ်ဆင်ရေးများ ပြန်လည်စတင်ရန် လိုအပ်မှု လျော့နည်းလာနိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားသည်။

Bessent ၏ ပြောကြားချက်သည် အမေရိကန်သမ္မတ Donald Trump က ဩဂုတ် ၂၀ ရက်တွင် အီရန်အပေါ် “စီးပွားရေးစစ်ပွဲ” ဆင်နွှဲမည်ဟု ပြောကြားပြီး အီရန်ကို မည်သည့်ပုံစံဖြင့်မဆို အထောက်အပံ့ပေးသည့် နိုင်ငံများအနေဖြင့် ကြီးမားသည့် စီးပွားရေးအကျိုးဆက်များ ရင်ဆိုင်ရမည်ဟု သတိပေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လာမည့်သီတင်းပတ်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း Bessent က ပြောသည်။
Bessent က အီရန်အပေါ် အမြင့်ဆုံးအဆင့် စီးပွားရေးဖိအားပေးမှုများ ပြုလုပ်နိုင်ပါက အကြီးစား စစ်ရေးတိုက်ခိုက်မှုများ ပြန်လည်စတင်ရန် အလားအလာ လျော့နည်းသွားမည်ဟု ဆိုသည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခြိမ်းခြောက်ချက်များ ထွက်ပေါ်လာပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်ပို့မှု အခက်အခဲများနှင့် စစ်ပွဲကြာရှည်လာမှုများကြောင့် ရေနံဈေးနှုန်းများ ဩဂုတ် ၂၀ ရက်တွင် သုံးပတ်ကျော်အတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အီရန်က ကမ္ဘာ့ရေနံကုန်သွယ်ရေးအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြား မှ သင်္ဘောသွားလာမှုကို ကန့်သတ်နိုင်သည့် စွမ်းရည်ရှိနေခြင်းကလည်း ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
အီရန်သည် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အမေရိကန်၏ ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဆက်တိုက်ခံနေရသည့် နိုင်ငံဖြစ်သည်။
တစ်ဖက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများကို ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်များသည် “စီးပွားရေးအကြမ်းဖက်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်ရေနံ၏ ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက ဝယ်ယူနေကြောင်း ၂၀၂၅ ခုနှစ် အချက်အလက်များအရ Kpler က ဖော်ပြထားသဖြင့် အီရန်နှင့် စီးပွားရေးဆက်ဆံနေသည့် တရုတ်နိုင်ငံကိုပါ အမေရိကန်က ပစ်မှတ်ထားလာပါက နှစ်နိုင်ငံအကြား စီးပွားရေးတင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
တရုတ်နိုင်ငံ ဝါရှင်တန်သံရုံးကလည်း ပိတ်ဆို့အရေးယူမှုနှင့် ဖိအားပေးမှုများသည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောကြားပြီး သက်ဆိုင်ရာနိုင်ငံများအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသည်။
အမေရိကန်ပြည်တွင်းတွင်လည်း စစ်ပွဲအဆုံးသတ်ရန် ဖိအားများနှင့် ရင်ဆိုင်နေရပြီး လောင်စာဆီဈေးနှုန်း မြင့်တက်မှုများက အမေရိကန်အစိုးရအပေါ် ပြည်တွင်းနိုင်ငံရေးဖိအားများ ဖြစ်ပေါ်စေနိုင်ကြောင်း Reuters က ဖော်ပြထားသည်။