မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆင်းရဲမှုလျော့ချရေး စံပြကျေးရွာစီမံကိန်း ပြီးမြောက်

(ပြည်တွင်း) ဩဂုတ် ၂၀

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ တိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်တုန်းမြို့နယ် အုန်းပင်စုကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာရှန်ဒန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုမှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝအဆင့်အတန်း မြင့်မားလာရေးကို အလေးထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာစေရန် မိရိုးဖလာလုပ်ငန်းများကို အဆင့်မြှင့်တင်ပေးခြင်း၊ စနစ်ကျသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အားပေးကူညီခြင်းတို့ကို ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်အမှိုက်များ စနစ်တကျစီမံခန့်ခွဲရေးလုပ်ငန်းများကိုပါ ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် ကျန်းမာသန့်ရှင်းပြီး ခေတ်မီသည့် Clean, Green and Smart Villages များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အုန်းပင်စုကျေးရွာ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် အိမ်ထောင်စု ၁၈၀ စု၊ လူဦးရေ ၇၂၆ ဦး အကျိုးခံစားခွင့် ရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

စီမံကိန်းမှ ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းများကဲ့သို့ တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း တိုက်တွန်းခဲ့သည်။

ယင်းနောက် တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာရှန်ဒန်က တရုတ်-မြန်မာ နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက စီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်းများနှင့် စီမံကိန်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

#PAN