(လွှတ်တော်) ဩဂုတ် ၁၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ဩဂုတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် Banquet Hall ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လွှတ်တော်သည် မဏ္ဍိုင်အသီးသီးတွင် ဦးစီးဦးဆောင်ပြုမည့်သူများအား ရွေးချယ်ပေးခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရအား ထိန်းညှိဆောင်ရွက်ခြင်းနှင့် ပြည်သူကို ကိုယ်စားပြုခြင်းတို့ကို ဆောင်ရွက်ရကြောင်း ပြောကြားသည်။
လွှတ်တော်သည် ပြည်သူနှင့် အစိုးရအကြား ပြည်သူ့ဆန္ဒများကို ဖော်ဆောင်ပေးရသည့် ကြားခံမဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို ကိုယ်စားပြု၍ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ရသူများဖြစ်သည့်အတွက် မြင့်မြတ်သည့်တာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်ကြောင်းလည်း ပြောကြားသည်။
လွှတ်တော်၏ လုပ်ငန်းတာဝန်များ အောင်မြင်စေရေးမှာ လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ စွမ်းဆောင်ချက်များအပေါ် မူတည်ကြောင်း၊ ထို့ကြောင့် ကော်မတီများသည် “လွှတ်တော်ငယ်များ” ဖြစ်ပြီး လွှတ်တော်အတွက် အဓိကကျသည့် မဏ္ဍိုင်များဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။
ထို့အပြင် လွှတ်တော်၏ အခန်းကဏ္ဍ မြင့်မားတိုးတက်စေရေးအတွက် မဟာဗျူဟာစီမံချက်များ ချမှတ်၍ ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် သီးခြားသတ်မှတ်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
လူထုလူတန်းစားအသီးသီးက လွှတ်တော်ကို ပိုမိုသိရှိလာစေရေးနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များကို မျက်မြင်ကိုယ်တွေ့ ထိတွေ့လေ့လာနိုင်ရေးအတွက် လွှတ်တော်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ကြားခြင်း၊ အွန်လိုင်းမီဒီယာနှင့် Printed Media နည်းလမ်းများကို အသုံးပြုခြင်းတို့ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
လွှတ်တော်၏ တံခါးဖွင့်ဆောင်ရွက်သည့် အစီအစဉ်တစ်ရပ်အနေဖြင့် Open Parliament Day သတ်မှတ်ပြီး ကျောင်းသားလူငယ်များနှင့် အဖွဲ့အစည်းအသီးသီးမှ ပြည်သူများ လွတ်လပ်စွာ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘာသာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရှင်များ၊ လူငယ်အဖွဲ့အစည်းများနှင့် အမျိုးသမီးရေးရာအဖွဲ့အစည်းများအနေဖြင့် လွှတ်တော်သို့ လာရောက်ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Join Parliament အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် လွှတ်တော်ကို ပြည်သူများ ပိုမိုသိရှိလာပြီး ပြည်သူများ ပိုမိုယုံကြည်အားကိုးသည့် လွှတ်တော်တစ်ရပ်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်သည့်ကာလအတွင်း လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်ပြီး အရွေ့တစ်ခုသို့ ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား၍ လွှတ်တော်အတွင်းမှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြရန်လည်း တိုက်တွန်းသည်။
ကော်မတီများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ဥပဒေပြုရေးအတွက် လိုအပ်သည့် အချက်အလက်၊ အထောက်အထားများနှင့် ကောင်းမွန်သည့် အကြံပြုချက်များ ရရှိလာမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံ၏ လိုအပ်ချက်များကို လွှတ်တော်အနေဖြင့် ထဲထဲဝင်ဝင် လေ့လာသုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ပြည့်စုံကောင်းမွန်သည့် လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပနေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN