ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများအတွက် မေးခွန်းများမေးမြန်းခဲ့သည့် မန္တလေးတိုင်းလွှတ်တော် (၁၁) ရက်မြောက်နေ့

(လွှတ်တော်) ဩဂုတ် ၁၉

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ ၇၀×၇၃ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ယနေ့ ဩဂုတ် ၁၈ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၆၉ ဦး တက်ရောက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အစည်းအဝေးတက်ရောက်မှုအခြေအနေကို တင်ပြ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မေးခွန်းများမေးမြန်းခြင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေဆိုခြင်းအစီအစဥ်အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင်၏ ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ကံ့ကော်ဆောင်အား အကြီးစားပြင်ဆင်ပေးရေး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်း၏ စံပြအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရေး၊ စဉ့်ကူးမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဆောင်းတင်၏ ဇီးပင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအား ခြံစည်းရိုးသံဇကာကာရံပေးရေး၊ ငါန်းဇွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမြတ်သူ၏ ကျောင်းပြင်ပပညာရေး ဖွင့်လှစ်နိုင်ရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ကြီးတံခွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်း၏ ပြည်ကြီးတံခွန်မြို့နယ်၊(ဋ)ရပ်ကွက်အတွင်းရှိ ကျောင်း ၃ ကျောင်း ပြောင်းရွှေ့ပေးရေး၊ မဟာအောင်မြေမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးယဉ်မောင်ထွန်း(ခ) ဦးယဉ်မောင်ဟိန်း၏ ငလျင်ဒဏ်သင့် သီရိမင်္ဂလာကျောင်းဆောင် ပြန်လည်ပြင်ဆင်ရေးနှင့် ပြင်ဦးလွင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းဇော်၏ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း မေးမြန်းခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြင်းခြံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးကျော်၏ မြင်းခြံမြို့နယ်တွင် ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးရေး၊ သပိတ်ကျင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးထွန်းတင့်၏ ဇရပ်ကွင်းကျေးရွာတံတား ပြန်လည်တည်ဆောက်ရေးနှင့် မတ္တရာမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဦးနန်းဝင်းထွေး၏ အောင် မြေသာစံခရိုင်၊မတ္တရာမြို့နယ်အတွင်းရှိ တောင်ပြုံးရွာနှင့် လွန်တောင်းရွာကြား အဆင့်မြင့်ကျောက်ချောလမ်းခင်းပေးရေးဆိုင်ရာ မေးခွန်းများကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြစ်သားမြို့နယ်၊ကိုယ်စားလှယ်အမှတ်(၂)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း၏ မြစ်သားမြို့နယ်၊ဝက်ထိန်းကျေးရွာအုပ်စု၊တဲကြီးကျေးရွာတွင် ပေ (၆၀၀) စက်ရေတွင်း ပြန်လည်တူးဖော်ပေးရန် နှင့် မြစ်သားမြို့နယ်၊ဝက်ထိန်းကျေးရွာအုပ်စု၊တဲကြီးကျေးရွာတွင် လူနှင့် တိရစ္ဆာန်များသုံးစွဲရန် တူးဖော်ပေးထားသော မေတ္တာကန်အား ပြန်လည်တူးဖော်ရေး၊ ကျောက်ဆည်မြို့နယ်၊ကိုယ်စားလှယ်အမှတ်(၂)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်၏ ကျောက်ဆည်မြို့နယ်၊စက်မှုဇုန် – ရေပြားတော – ရဲဘော်ကြီးလမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ကျောက်ဆည်မြို့နယ်၊ခရိုင်(၂)လမ်းမှ အရှေ့သာဂရ – ဆည်ကုန်း – ဈေးရွာလမ်းပိုင်းအား ကတ္တရာလမ်း(သို့မဟုတ်)ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ပုသိမ်ကြီးမြို့နယ်၊ကိုယ်စားလှယ်အမှတ်(၁)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၏ ပုသိမ်ကြီးမြို့နယ်၊အိုင်ကြီးကျေးရွာရှိ (၁၆၈) မိုင်းနားမြောင်းအား စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် မြောင်းများ တူးဖော်ပေးရေးနှင့် ပုသိမ်ကြီးမြို့နယ်၊အောင်ချမ်းသာကျေးရွာအုပ်စု၊ရွှေကျင်ကျေးရွာ ဆေးပေးခန်းလမ်းအား ကျောက်ချောလမ်းအဆင့်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့ကြကြောင်း သိရသည်။

တံတားဦးမြို့နယ်၊ကိုယ်စားလှယ်အမှတ်(၂)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည်က စဉ့်ကိုင်မြို့နယ်၊ပလိပ်အင်းဒေသရှိ စိတ္တရလျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ လိုအပ်နေသော ပင်မရေပေးမြောင်း အုတ်လိုင်နင်စီခြင်းနှင့် စဉ့်ကိုင်မြို့နယ်၊မီးသွေးဘုတ်ကျေးရွာအုပ်စု၊ကွင်းအမှတ် ၄၄/င၊ ၄၄/ခ၊ ၄၈/ဃ-၁ များရှိ စိုက်ပျိုးရေ ဧရိယာတိုက်ရိုက်မရသေးသော စိုက်ပျိုးမြေဧရိယာများသို့ ဆိုလာစနစ်ဆိုလာစနစ်ဖြင့် ရေတင်လုပ်ငန်းများ ဆောင်ရွက်ပေးရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့ပြီး သပိတ်ကျင်းမြို့နယ်မှ ကိုယ်စားလှယ်များက ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရေးနှင့် တရားမဝင် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများအား စိစစ်ကြပ်မတ်ရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါမေးခွန်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က လွှတ်တော်ကိုယ်စားလှယ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

#PAN