ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် Detonator ၄,၀၀၀ ချောင်း သိမ်းဆည်းရမိ

(မှုခင်း) ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင် မှန်လုံယာဉ်ဖြင့် တင်ဆောင်လာသည့် ဒီတိုနီတာ (Detonator) ၄,၀၀၀ ချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်ခါးရှည်စစ်ဆေးရေးဂိတ် X-Ray စက်ဖြင့် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးကို စစ်ဆေးခဲ့ရာ အဖြူရောင် ဆာလာအိတ်အတွင်း၌ စက္ကူဂျပ်ဖာဖြင့် ထည့်သွင်းထားသော “CDET ALFA” တံဆိပ်ပါ Detonator ဘူး ၄၀(တစ်ဘူးလျှင် ၁၀၀ ချောင်းပါ) စုစုပေါင်း အချောင်း ၄,၀၀၀ ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်ကြောင်းသိရသည်။

အဆိုပါပစ္စည်းများအား စုံစမ်းစစ်ဆေးချက်များအရ ဩဂုတ်လ ၁၅ ရက်က မန္တလေးမြို့၊ ကျွဲဆည်ကန်ကားဝန်းရှိ “တော်ဝင်မန္တလာ” ကားဂိတ်မှ မော်လမြိုင်မြို့သို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေနီကုန်းအဝေးပြေးကားကွင်း၌ ဆက်လက်စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ဩဂုတ်လ ၁၆ ရက် မွန်းလွဲပိုင်းတွင် လာရောက်ရွေးယူသူ ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်နေ ဝိုင်းဇင် (၄၃) နှစ်နှင့် ၎င်း၏ဇနီး နီလာပြုံး တို့နှစ်ဦးအား မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ပြစ်မှုကျုးလွန်သူတို့၏ ထွက်ဆိုချက်များအရ Detonator များကို မန္တလေးမြို့နေ မနန်း(ခ)ရခိုင်မ က တော်ဝင်မန္တလာကားဂိတ်မှတစ်ဆင့် တင်ပို့ပေးခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်တွင် ရွေးယူကာ ထားဝယ်မြို့၊ ဘဝပင်ရွာ ခဲမိုင်း၌ နေထိုင်သည့် လှဟန် ဆိုသူထံသို့ ဆက်လက်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်၌ ပါဝင်ပတ်သက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေအတိုင်း အရေးယူနိုင်ရေးနှင့် ကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။