အောင်ပန်း-ကလောလမ်းတွင် သုံးဘီးဆိုင်ကယ် တိမ်းမှောက်ပြီး တစ်ဦး သေဆုံး

(မှုခင်း) သြဂုတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အောင်ပန်း-ကလောသွားလမ်းတွင် သုံးဘီးဆိုင်ကယ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်၊ ညနေ ၆ နာရီခွဲခန့်က ကလောမြို့၊ အမှတ် (၆) ရပ်ကွက်နေ ယာဉ်မောင်း ဦးမောင်မောင်တင် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဦးစိန်လွင် လိုက်ပါစီးနင်းသော သုံးဘီးဆိုင်ကယ်သည် ကလော-အောင်ပန်းသွား ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၇၂/၂ ) နှင့် (၇၂/၃) ကြား၊ အင်းပြင်သစ်တော ပျိုးဥယျာဉ်အနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်း ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မောင်မောင်တင်တွင် ဝဲ/ယာ မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေး ထွက်ဒဏ်ရာ၊ ဝဲနောက် စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖျံပွန်းပဲဒဏ်ရာ (စိုးရိမ်ရ) နှင့် ဦးစိန်လွင်တွင် နံရိုးကျိုး ဒဏ်ရာ၊ ညာလက်ဖျံရိုးကျိုး ဒဏ်ရာ၊ ပေါင်အဆစ်ပြုတ် ဒဏ်ရာများ ရရှိခဲ့ပြီး ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် ယာဉ်မောင်းမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ သုံးဘီးယာဉ်ကို မဆင်မခြင် မောင်းနှင်သူ မောင်မောင်တင်အား ကလောမြို့မရဲစခန်းတွင် ၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။