သထုံ-ဘားအံ ကားလမ်းတွင် လိုက်ထရပ်နှင့် မှန်လုံယာဉ်တို့ တိုက်မိ၊ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ

(မှုခင်း) ဩဂုတ် ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံ ကားလမ်းပေါ်တွင် လိုက်ထရပ်ယာဉ်တစ်စီးနှင့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ သထုံ-ဘားအံ ကားလမ်း၊ မိုင်တိုင်အမှတ် (၇/၁) နှင့် (၇/၀) အကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သထုံမြို့ဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ် 8L-7010 လိုက်ထရပ်ယာဉ်သည် လမ်းဘေးရှိ “ချောစု” စက်သုံးဆီဆိုင်အတွင်းသို့ ဝင်ရောက်ရန် မီးအချက်ပြ၍ လမ်းလယ်မှ ကွေ့ဝင်စဉ် သထုံမြို့ဘက်မှပင် နောက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ် 2Q-7490 “ရွှေခြင်္သေ့” ခရီးသည်တင် မှန်လုံယာဉ်က လိုက်ထရပ်ယာဉ်၏ နောက်ပိုင်းကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်‌ကြောင်းသိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်ပါရှိခြင်းမရှိသည့် “ရွှေခြင်္သေ့” မှန်လုံယာဉ်ပေါ်ပါ ယာဉ်မောင်း ၁ ဦးနှင့် ယာဉ်နောက်လိုက် ၂ ဦးအနက် ယာဉ်နောက်လိုက် ၁ ဦး သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၅ ဦးအနက် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့‌ေကြာင်းသိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့အား သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များက သထုံခရိုင်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကုသပေးလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာမှ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။