ရွှေညောင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကျော် ဖမ်းမိ

(မှုခင်း) သြဂုတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် အမျိုးသား ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကျော်ကို သီးခြားစီ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်၊ မွန်းလွဲ ၃ နာရီအချိန်ခန့်က ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေ (၂) ရပ်ကွက်၊ ဗိုလ်တိုက်ချွန်းလမ်းနေ ရဲလင်းနောင် ၏ နေအိမ် အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာတွင် ရဲလင်းနောင်အား နေအိမ်အိပ်ခန်းအတွင်း အသင့်တွေ့ရပြီး ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၈ ထုပ်၊ စုစုပေါင်း ဆေးပြား ၁၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲလင်းနောင်အား စစ်ဆေးခဲ့ရာ ယနေ့ နံနက်ပိုင်းက ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ ရထားသံလမ်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦးထံမှ အဆိုပါ မူးယစ်ဆေးများအား ကိုယ်တိုင် သုံးစွဲရန် နှင့် တစ်ဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ရွှေညောင်မြို့၊ မင်္ဂလာရပ်ကွက်၊ ကမ္ဘာလုံးဘုန်းကြီးကျောင်း အနီးတွင် ပူးပေါင်းအဖွဲ့သည် သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းမှာ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်နေ မြင့်ဦး (ခ) စိန်ကြီး ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီ အိပ်ထောင်အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြင့်ဦး (ခ) စိန်ကြီးအား စစ်ဆေးခဲ့ရာ အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားများအား ယနေ့ နံနက်ပိုင်းက ရွှေညောင်မြို့၊ ကျီးဖြူကန်အနီးတွင် အမည်မသိ အမျိုးသားတစ်ဦးထံမှ ကိုယ်တိုင် သုံးစွဲရန်နှင့် တစ်ဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ရဲလင်းနောင် နှင့် မြင့်ဦး (ခ) စိန်ကြီး တို့အား ရွှေညောင်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN